သစ္စာရှေ့ထား ချက်စို့လား

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

          မတ်လမှာတော့  ဆရာမနန်းစန်းစန်းအေးက “ခုံးသားချဉ်စပ်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို  စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –

၁။       ငါးကျည်းခြောက်ချက်၊ ကန်စွန်းဥဆီပြန်၊ မရန်းသီးထောင်း၊ ပဲရွက်ဟင်းရည်။

၂။       ပုစွန်ငါးဆုပ်ဟင်း၊ ဂေါ်ရခါးသီးဂျူးမြစ်ချဉ်ရည်၊ ဆေးမြင်းခွာရွက်သုပ်၊ ပဲပုပ်ခရမ်းချဉ်သီးထောင်း။

၃။       ဆိတ်သားလုံးပျဉ်းတော်သိမ်ချက်၊ ပဲနီလေးဟင်းရည်၊ သရက်သီးသုပ်၊ ရေကျိုငါးပိကြော်။

၎။       ကဏန်းသားကြက်ဥကြော်ချက်၊ ရေခူသုပ်၊ ပဲပင်ပေါက်ခဝဲသီးဟင်းရည်၊ ဆင်ခရမ်းချဉ်သီးငါးပိ ကြော်။

၅။       ဝက်နံရိုးကုလားပဲဆီပြန်၊ မန်ကျည်းရွက်သုပ်၊ မျှစ်ဆတ်ဟင်းရည်၊ ငရုတ်သီး အညာထောင်း။

၆။       မြစ်ငါးတန်သရက်သီးသနပ်ချက်၊ ပဲကြီးဆူးပုပ်ဟင်းရည်၊ ပဲပင်ပေါက်ပဲပြားသုပ်၊ ငရုတ်သီးအတောင့် ကြော်။

၇။       ခုံးသားချဉ်စပ်၊ ပုစွန်အာလူးလုံးကြော်၊ ပြောင်းဖူးသီးရွက်စုံဟင်းရည်၊ ငါးပိပင်စိမ်းထောင်း။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ခုံးသားချဉ်စပ်၊ ပုစွန်အာလူးလုံးကြော်၊ ပြောင်းဖူးသီးရွက်စုံ ဟင်းရည်၊ ငါးပိပင်စိမ်းထောင်းတို့ကို တင်ဆက်ပေးလိုက် ပါတယ်။

သစ္စာရှေ့ထား ချက်စို့လား

          “မနက်က ကော်ဖီဆိုင်မှာ ပိုက်ဆံရှင်းလိုက်တဲ့ ဦးလေးကြီးက မမရဲ့သူငယ်ချင်းလား…”

          “ဆိုပါတော့…”

          “ဒီအသံ၊ ဒီဟန်နဲ့ဆိုတော့ သူငယ်ချင်းမကလောက် ဘူး ထင်ပါရဲ့…”

          “အခုတော့ သူငယ်ချင်းပေါ့။ နေပါဦး။ မမရဲ့ သူငယ်ချင်းဆို အစ်ကိုကြီးလောက် ခေါ်ရမှာကို။ ဘယ့်နှယ်ဦးလေးကြီးလဲ…”

          “မမထက် တော်တော်ကြီးနေပုံပေါ်လို့…”

          “တိုက်ပုံနဲ့ ဘာနဲ့ဆိုတော့ ကြီးတယ်လို့ထင်ရတာပါ။ တကယ်တော့ လေး၊ ငါးနှစ်လောက်ပဲ ကြီးတာပါ”

          “ပေါ်ပြီ… အသက်တွေ ဘာတွေ အတိအကျသိနေပုံထောက်တော့ ငယ်ကျွမ်းတွေလား…”

          “ဘာမှကို မကျွမ်းလိုက်ရပါဘူး။ ခင်တာတွေထက် ပိုတယ်ဆိုတဲ့ အဆင့်နဲ့တင်၊ ဇာတ်လမ်းပြတ်ခဲ့ရတဲ့ တစ်ယောက်ပါ…”

          “ဝမ်းနည်းသံပါနေသလိုပဲ။ အဖြစ်လေးများ သိလို့ ရမလား…”

          “သူက ကိုယ်နဲ့မတွေ့ခင်ကတည်းက ကောင်မလေး ရှိနှင့်ပြီးသား။ ရိုးရိုးတောင် မဟုတ်ဘူး။ လက်မှတ်တွေ ဘာတွေ ထိုးထားတဲ့အဆင့်”

          “အဲဒါသိတာနဲ့… မမက တန်းရပ်လိုက်တာ မဟုတ်လား…”

          “ဒါပေါ့ညီမရဲ့… အချစ်ဆိုတဲ့အရာမှာ သစ္စာဆို တာမပါရင် ဘာမှကို အဓိပ္ပာယ်မရှိဘူးလို့ အရင့်အရင် ကတည်းက ခံစားရတယ်”

          “မမပြောနေကျ စိတ်တွေမှ ကိုယ့်ဆီမှာမရှိရင် ဆိုတာမျိုးလား…”

          “ဟုတ်တယ်လေ၊ ဟိုတစ်ယောက်ကိုမှ သစ္စာမရှိရင် ဒီတစ်ယောက်ကိုရော ထူးပြီး သစ္စာရှိမတဲ့လား…”

          “မမရဲ့ဆိုလိုရင်းကို နားလည်ပြီ…”

          “အေး… ထမင်းစားဖို့အချိန်လည်း ရောက်နေပြီမို့လို့ ချက်ဖို့ပြင်ကြရအောင်”

          ခုံးလေးတွေ လတ်ဆတ်တာတွေ့လို့ ၃၀ ကျပ်သား ဝယ်လာတယ်။ ချဉ်စပ်လေး ချက်ပြီး ပုစွန်အာလူးလုံးကြော်၊ ပြောင်းဖူးသီးရွက်စုံဟင်းရည်၊ ငါးပိပင်စိမ်းထောင်းလေးနဲ့ဆိုရင် အဆင်ပြေလောက်တယ်။

          ခုံးမှာပါတဲ့ အရိအရွဲအမည်းတွေကို အားလုံးသန့် စင်ပြီး ရေနွေးဆူဆူမှာ ၅ မိနစ် ပြုတ်လိုက်မယ်။ ပြုတ်ရည်တွေကို သွန်ပြီး ခုံးတွေကို ဆန်ခါနဲ့ စစ်ထားမယ်။ ရေစစ်ရင် ဆား မန်ကျည်းစေ့တစ်စေ့စာ၊ အရသာ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောနယ်ထားမယ်။

          ချက်မယ့်အိုးထဲ ဆီ ၅ ကျပ်သား ထည့်ပြီး ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်ထားတာ ထည့်ကြော်မယ်။ အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီးအနှစ် စတီးဇွန်းကြီး ၁ ဇွန်း ထည့်မယ်။ အနည်းငယ်ဆီပြန်လာရင် ခုံးသား တွေ ထည့်မယ်။ မီးပြင်းပြင်းမှာ အထက်အောက် အသာလှန်ပြီး ငရုတ်သီးစိမ်း ၁၅ တောင့် ပါးပါးလှီးထားတာနဲ့ ရှောက်ရည် စတီးဇွန်းကြီး ၁ ဇွန်း ပေါင်းထည့်မယ်။ ပွက်ပွက်ဆူလာရင် အပေါ့အငန် ချဉ်စပ်အရသာ အနေတော်ဖြစ်အောင် မြည်းပြီး အိုးချလို့ ရပါပြီ။

          အာလူးပုစွန်လုံးကြော်အတွက် အာလူး ၂၀ ကျပ်သား နူးအောင်ပြုတ်၊ အခွံနွှာပြီး ညက်အောင်ထောင်းမယ်။ ခေါင်းမပါပုစွန် ၁၀ ကျပ်သား အခွံခွာသန့်စင်ပြီး နုပ်နုပ်စဉ်းထားမယ်။ ထောင်းထားတဲ့ အာလူး၊ စဉ်းထားတဲ့ ပုစွန်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ အရသာ ဇွန်းရဲ့ သုံးပုံတစ်ပုံ၊ သကြားအနည်းငယ်တို့နှင့် ပေါင်းနယ်ပြီး အလုံးလေးတွေ လုံးထားမယ်။ စားခါနီးလို့ ကြော်မယ်ဆို ကြက်ဥအကာရည် ၂ လုံးစာကို ကြေအောင် ခေါက်ပြီး အာလူးလုံးတွေ နှစ်ပြီးတော့ ဆီ ၂၀ ကျပ်သားထဲ ထည့်ကြော်ရုံပါပဲ။ ပူပူနွေးနွေးစားရင် အကောင်းဆုံး ဟင်းတစ်ခွက်ပါ။

          ပြောင်းဖူးသီးရွက်စုံဟင်းရည်အတွက် ကြက်ရိုးပြုတ်ရည် ၁ လီတာကို နာရီဝက်တည်ပြီး ပြောင်းဖူး၊ မုန်ညင်း၊ မုန်လာဥနီ၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ၊ ဆား၊ အရသာပေါင်းထည့်ပါ။ ပွက်ပွက်ဆူလာရင် အရည်သောက်ဟင်းရည်ဖြစ်ပါပြီ။ ကြိုက်တတ်ရင် မှို၊ ငုံးဥ၊ ကြာဆံ ကြိုက်တာထည့်လို့ ရပါသေးတယ်။

          ငါးပိပင်စိမ်းထောင်းအတွက် ငါးပိမီးကင်၊ ကုလားအော်ငရုတ်သီး၊ ပုစွန်ခြောက်၊ ပင်စိမ်းရွက် အားလုံးပေါင်း ထောင်းပြီး မီးကင်လိုက်ရင် အနံ့မွှေးတဲ့ ငါးပိပင်စိမ်းထောင်းလေး ရပါပြီ။ အချဉ်ကြိုက်ရင် သံပရာရည်လေး ဖြည့်ထည့်ပါ။

          ဖွင့်ဆိုချက်တွေ အမျိုးမျိုးထဲကမှ သစ္စာတရား လက်ကိုင်ထားပြီး ချက်ကြည့်ကြဖို့ ဟင်းအတွဲတချို့ပါ။

နန်းစန်းစန်းအေး

၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။

ခုံးသားချဉ်စပ်

ခုံး  –  ၃၀ ကျပ်သား

ဆား  –  မန်ကျည်းစေ့ ၁ စေ့စာ

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ခရမ်းချဉ်သီးအနှစ်  –  စတီးဇွန်းကြီး ၁ ဇွန်း

ငရုတ်သီးစိမ်း  –  ၁၅ တောင့်

ရှောက်ရည်  –  စတီးဇွန်းကြီး ၁ ဇွန်း

ပုစွန်အာလူးလုံးကြော်

အာလူး  –  ၂၀ ကျပ်သား

ပုစွန် (ခေါင်းမပါ)  –  ၁၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

သကြား  –  အနည်းငယ်

ကြက်ဥအကာ  –  ၂ လုံးစာ

ဆီ  –  ၂၀ ကျပ်သား

Facebook Comments