သစ်တိုသီးငါးပိချက်

သစ်တိုသီးငါးပိချက်

                 သစ်တိုသီးဆိုတာကို တချို့က မမြင်ဖူးကြဘူး။ အင်္ဂလိပ်လို Santol  လို့ ခေါ်ပါတယ်။ နိုင်ငံခြားမှာလည်း ရှိနိုင်ပါတယ်။ သစ်တော်သီးလားဆိုပြီး မှားတတ်ကြပါတယ်။ မတူပါဘူးရှင်။ သစ်တိုသီးရဲ့ အပြင်အခွံက သစ်တော်သီးနဲ့ ဆင်တူပေမယ့် ခွာလိုက်ရင် အထဲက အစေ့တွေက မင်းဂွတ်သီးလို ဖြစ်နေတာပါ။ အစေ့နဲ့အခွံနဲ့ ကြားက အသားကို စားတာပါ။ ချဉ်တဲ့ အရသာရှိပါတယ်။ ဟင်းရည်အဖြစ်လည်း လုပ်သောက်နိုင်ပါတယ်။ ဖိလစ်ပိုင်တွေစားသလို ငါးကို အုန်းနို့နဲ့ အရည်ဆမ်းပြီးတော့ စားနိုင်ပါတယ်။ အခုကတော့ မြန်မာမှုပြုပြီး ငါးပိချက်မှာပါ။ တချို့က အသားကို ပြုတ်ပြီး၊ ခြေပြီးမှ အနှစ်နဲ့စားပါတယ်။ ကျွန်မက စားတဲ့အခါ သူ့အသားဖတ်ချဉ်ချဉ်ကို ဝါးရတာ ပိုကြိုက်ပါတယ်။ ကျွန်မအနေနဲ့ လှီးဖြတ်ပြီးသား သစ်တိုသီးကို ပြင်ဆင်ရာမှာ ရေနွေးပွက်ပွက်ဆူထဲ ဆားထည့်၊ သစ်တိုသီးအသားတွေ ခဏစိမ်ပြီးမှ ညှစ်ပစ်လေ့ရှိပါတယ်။ အဲဒါမှ သက်တဲ့အရသာလေးနဲ့ ခပ်ရှရှ အထိအတွေ့က လျှာမှာ မရှိစေဖို့ပါ။ ကဲ ချက်ရအောင်-

   ပါဝင်ပစ္စည်းများ

♦   သစ်တိုသီး (Santol Fruit)   –   ၅ လုံး

♦   ပုစွန်ဘော့ချိတ်    –  ၁၀ သား

♦   ပုစွန်ခြောက်မှုန့်    –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ငါးပိ    –   ထမင်းစားဇွန်း ၂ ဇွန်းခန့်

♦   ကြက်သွန်နီ (အကြီး)   –   ၃ လုံး

♦   ကြက်သွန်ဖြူ (ဥကြီး)   –   ၁ ဥ

♦   ငရုတ်သီးအကြမ်းကွဲ    –   ထမင်းစားဇွန်း ၃ ဇွန်း

♦   မိုးမျှော်ငရုတ်သီး    –   အတောင့် ၂၀ ခန့်

♦   နနွင်း    –   အနည်းငယ်

♦   အရောင်တင်မှုန့်   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငံပြာရည်    –   ထမင်းစားဇွန်း ၃ ဇွန်း

♦    ငါးအသားမှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   နံနံပင်    –   လက်တစ်ဆုပ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      သစ်တိုသီးတွေကိုတော့ အထက်မှာပြောထားတဲ့အတိုင်း ပြင်ဆင်ပြီးထားပါ။ ပုစွန် အခွံခွာပြီး နနွင်း၊ ဆား နည်းနည်းနှင့် နယ်ထားပါ။ ငါးပိကို ရေဖျော်ထားပါ။

၂။      ကြက်သွန်နီ/အဖြူ တို့ကို ငရုတ်သီးကြမ်းကွဲနှင့် ကြိတ်၍လည်းကောင်း၊ ထောင်းထား ၍လည်းကောင်း ကြေညက်နေပါစေ။

၃။      ဒယ်အိုးမှာ ဆီများများ၊ နနွင်းအနည်းငယ်နှင့် အရောင်တင်မှုန့်ထည့်။ ကြက်သွန်နီ အရောများကို ပုစွန်ခြောက်မှုန့်များဖြင့် မွှေးနေအောင် ဆီသတ်ပေးပါ။

၎။      ခြောက်ခြောက်လေးဖြစ်ချင်လျှင် ပုစွန်များထည့်၊ ခဏမွှေ၊ သစ်တိုသီးထည့်မွှေ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဆူပွက်ပါစေ။ ဆူပွက်လာလျှင် ငါးပိရည်ဖျော်ကို စစ်ထည့်၊ ငံပြာရည်နှင့် အသားမှုန့်ထည့်ပါ။ ဒီနေရာမှာ ဟင်းခတ်မှုန့်ကြိုက်လျှင် ထည့်နိုင်ပါတယ်။

၅။      ဆီပြန်လာပြီး မြည်းကြည့်ပါက သစ်တိုသီးလေးနူးပြီး အရသာလည်း အနေတော်ဆိုလျှင် ငရုတ်သီးစိမ်းများထည့်၊ မီးပိတ်၊ နံနံပင်အုပ်လိုက်ပါက မွှေးနေပြီး  အသားဟင်း ကြီးတွေပါစရာမလိုဘဲ  ထမင်းနှင့် နယ်စားလျှင် စားလို့ကောင်းတဲ့ သစ်တိုသီးငါးပိချက် ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments