သက်သတ်လွတ် ရုံးပတီ အဆာသွတ်

by Meemeetofu for Food Magazine

          ရုံးပတီ  ၃ ပင်ပဲ စိုက်ထားတာ၊ အခုတော့ လွှတ်သီး စားမနိုင်အောင် ဖြစ်နေပြီ။ ပေါများတုန်းမှာ အရင်က မချက်စားဖူးတဲ့နည်းတွေလည်း ရှာကြံဆပြီး ချက်ကြည့်ပါတယ်။ မမီးရဲ့ ရုံးပတီသီးတောင့်က အလုံးတုတ်တယ်။ အစေ့က ကြီးတယ်။ ဒါကြောင့် အစေ့တွေ ဖယ်ရှားပစ်ပြီးမှ အဆာသွတ်ပါတယ်။ ရုံးပတီသီး ပိန်ပိန်၊ အစေ့သေးသေးဆိုရင်တော့ အတွင်းက အစေ့တွေကို ဖယ်ရှားပစ်ဖို့ မလိုပါ။ လတ်ဆတ်တဲ့ ရုံးပတီသီးတွေ ဆိုရင်တော့ အဆာထည့်နေတုန်းမှာ ကွဲထွက်တတ်တယ်။  နွမ်းနေရင် ဓားလေးနဲ့ အရှည်လိုက် အရာလေးပေးပြီး ခွဲပြီးတော့ အဆာသွတ်ရုံပါပဲ။ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး ၁ မိနစ်လောက် အပူပေးလိုက်တာမျိုး၊ ဟင်းချက်နေတဲ့ အိုးအဖုံးပေါ်မှာ တင်ပေးပြီး နွမ်းပျော့သွားအောင် လုပ်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရုံးပတီသီး  –  ၄ တောင့်

ဆီ  –  အနည်းငယ်

နနွင်း  –  အနည်းငယ်

ကြက်သွန်နီ  –  အလတ် ၁ ခြမ်း

ကြက်သွန်ဖြူ  –  ၂  မြွှာ

မြေပဲလှော်  –  စားပွဲဇွန်း  ၂ ဇွန်း

နှမ်းလှော်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ပဲငံပြာရည် အပျစ်  –  အနည်းငယ်

ပဲငံပြာရည် အကျဲ  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၃ တောင့်

မဆလာ            –  အနည်းငယ်

ချက်နည်း

၁။       ရုံးပတီသီးကို ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ။ ခြောက်သွေ့သွားလျှင် ဓားနဲ့ အရှည်လိုက် အရာလေးပေးပြီး ခွဲပါ။ အညှာမပြတ်စေရန်နှင့် ထိပ်မပြတ်စေရန် သတိထားပါ။

၂။       မြေပဲလှော်နဲ့ နှမ်းလှော်ကို မညက်တညက် ရောထောင်းထားပါ။

၃။       ကြက်သွန်နီကို လေးတောင့်အတုံးလေးများတုံးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းပါ။ ငရုတ်သီးစိမ်းကို ကြမ်းကြမ်းလှီးထားပါ။

၎။       ဒယ်အိုးထဲ ဆီ၊ နနွင်း အနည်းငယ်ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နွမ်းလာသည်အထိ ကြော်ပါ၊

၅။       ကျန်ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီးမွှေပါ။ အရသာမြည်းပြီး လိုအပ်သလို ပြုပြင်ပြီးလျှင် မီးအပူမှ ဖယ်ပါ။

၆။       အဆာများ အေးသောအခါ ရုံးပတီသီးထဲ ထည့်ပါ။  ဒယ်အိုးကို မီးဖိုပေါ်  ပြန်တင်ပါ။ ဆီ အနည်းငယ်ထည့်ပါ။  ရေကို စားပွဲဇွန်း ၁ ဇွန်းခန့်ထည့်ပါ။ ရေဆူလာတဲ့အခါ (ရေ မများစေရ၊ ရေခန်း ရုံးပတီသီးနပ် ဖြစ်ရပါမယ်။ ပျော့လွန်းလျှင်၊ မနပ်လျှင် စားမကောင်းပါ၊) ရုံးပတီသီး ထည့်ပါ။ အဖုံးအုပ်ပြီး မီးပိတ် နှပ်ပါ။ ရုံးပတီသီးများ အစိမ်းရင့်ရောင် ပြောင်းသွားလျှင် ပန်းကန်ထဲ ပြောင်းထည့်ပြီး ပူပူနွေးနွေး သုံးဆောင်ပါ။

Facebook Comments