သက်သတ်လွတ် မြန်မာရဲယိုရွက်ငါးပေါင်းထုပ် (Vegetarian Myanmar Steamed Fish in Norni Leaves)

by Myint Oo Tha for Food Magazine

          သက်သတ်လွတ်လည်း စားချင်၊ ငါးပေါင်းထုပ်လည်း စားချင်ဆိုတော့ သက်သတ်လွတ် ငါးပေါင်းထုပ်ချက်ကြမယ်။ ငါးအသားအစား ပဲပြားနုနုလေးတွေကို ခြေပြီး ထည့်ပါမယ်။ ချိုချိုမွှေးမွှေးလေးဖြစ်ဖို့အတွက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထောင်းပြီး ဆီသတ်ကာ ထည့်ပါမယ်။ စေးစေးပိုင်ပိုင်လေးဖြစ်ဖို့အတွက် ဆန်လှော်မှုန့်ထည့်ပါမယ်။ အရသာအတွက် ပဲငံပြာရည်နဲ့ ဆားပဲ ထည့်ပါမယ်။ ငါးပေါင်းထုပ်ကို ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းရုံပါပဲ။ ဒါမှမဟုတ် ငှက်ပျောရွက်ထဲ ရဲယိုရွက်ခံပြီးမှ ပေါင်းလျှင်တော့ ငှက်ပျောရွက်နံ့သင်းသင်းလေးနဲ့ စားကောင်းပြီပေါ့။

ပါဝင်ပစ္စည်းများ

ပဲပြားနုနု  –  ၃ တုံး

မှိုအဖြူ (Oyster Mushroom)  –  ၁၀ဝ ဂရမ်

ဆန်စိမ်းမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ရဲယိုရွက်  –  အရွက်ကြီး ၁၂ ရွက်+ အရွက်အလတ်စား ၁၂ ရွက်

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းအဖြူမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၈၀ ဂရမ်

ကြက်သွန်ဖြူ  –  ၁၂ ဂရမ်

စပါးလင်  –  ၂ ချောင်း

ချင်း  –  ၁၀ ဂရမ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ညက်အောင် ထောင်းထားပါ။

၂။       ပြီးလျှင် ဒယ်အိုးအသေးထဲ ဆီထည့်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့အနှစ်ကို ဆီသတ်ပါ။

၃။       ပဲပြားကို ကြေအောင် ခြေထားပါ။ (ကျွန်တော်ကတော့ အာလူးခြေတဲ့ အတံနဲ့ ခြေပါတယ်။) မှိုကို အမျှင်သေးသေးလေးတွေရအောင် မျှင်ပြီး ခြေထားတဲ့ ပဲပြားဇလုံထဲ ထည့်ပါ။ ဆီသတ်ထားတဲ့အနှစ်ကိုလည်း ပဲပြားဇလုံထဲ ထည့်ပါ။

၎။       ပြီးလျှင် အရသာအတွက် ပဲငံပြာရည်၊ ဆား၊ သက်သတ်လွတ်အရသာမှုန့်နှင့် ဆန်စိမ်းမှုန့်တို့ကို ထည့်ပြီး နယ်ပါ။

၅။       ပြီးလျှင် ၁၂ ထုပ်စာအတွက် အလုံး ၁၂ လုံး လုံးထားပါ။

၆။       သန့်ရှင်းထားတဲ့ ရဲယိုရွက်အကြီးကို ဖြန့်ခင်းပါ။ ပြီးလျှင် နောက်ထပ်ရဲယိုရွက် အလတ်စားတစ်ရွက်ကို ကန့်လန့်ဖြန့်ခင်းပြီး ပဲပြားလုံးထည့်ပါ။ ပြီးလျှင် ပဲပြားလုံးကို လက်ဖြင့် အသာဖိပြီး၍ ပြားပေးပြီး လုံအောင် ထုပ်၍ ပေါင်းအိုးထဲ အထုပ်ကို မှောက်ပြီး ထည့်ပါ။

၇။       ကျန်ရှိနေတဲ့ ပဲပြားလုံးတွေကိုလည်း ဆက်ထုပ်၍ ပေါင်းအိုးထဲစီပြီး ထည့်ပါ။

၈။       ရေဆူနေတဲ့ ပေါင်းအိုးမှာ ၁၅-၂၀ မိနစ်ခန့် ပေါင်းပါ။

          (ငှက်ပျောရွက်နဲ့ထုပ်ပြီး ပေါင်းမည်ဆိုလျှင် ငှက်ပျောရွက်ကို ဖြန့်ခင်း၍ ရဲယိုရွက်၊ ငှက်ပျောရွက်ပေါ် တင်ပါ။ ပြီးလျှင် ပဲပြားလုံးထည့်ပြီး လုံအောင် ထုပ်ပါ။ အထုပ်မပြေစေဖို့ သွားကြားထိုးတံနဲ့ထိုးပါ။)

Facebook Comments