သက်သတ်လွတ် အသီးအရွက်စုံသုပ်

by Meemeetofu for Food Magazine

          ဝါတွင်းကာလမှာ သက်သတ်လွတ်စားသူတို့အတွက် ထမင်းစားမြိန်တဲ့ အသီးအရွက် ဟင်းပွဲလေးပါ။ မာလာဟင်း အနံ့အရသာလေးရှိပေမယ့် ရယ်ဒီမိတ် မာလာဟင်းအနှစ်ထုပ်ကို အသုံးပြုပြီး ချက်ထားတာတော့ မဟုတ်ပါဘူး။ ဇီချွမ်ပက်ပါကောန်း (စပ်ထုံစေ့)၊ နာနတ်ပွင့်၊ ဖာလာတို့ကို မွှေးလာအောင် ဆီသတ်ထားတဲ့ ဆီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြာမြစ်  –  ၂၄၀ ဂရမ် (၁၅ ကျပ်သားခန့်)

ရွှေပဲညွန့်  –  လက်တစ်ဆုပ်စာခန့်

ကြွက်နားရွက်မှိုခြောက်  –  ၂ ပွင့် (ခပ်ကြီးကြီး)

အီနိုကီမှို  –  ၁ ထုပ်

မုန်လာဥနီ  –  ၁ လုံး

မြေပဲလှော်ထောင်း  –  စားပွဲဇွန်း ၃ ဇွန်း

နှမ်းထောင်း  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးခွဲခြမ်းကြော်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် အပျစ်  –  အနည်းငယ်

သကြား  –  အနည်းငယ်

ဇီချွမ်ဆီမွှေး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပဲငါးပိအနှစ် အစပ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကျဲ  –  အနည်းငယ်

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြွက်နားရွက်မှိုကို ၂ နာရီခန့် ကြိုတင်၍ ရေစိမ်ထားပါ။

၂။       အီနိုကီမှိုကို အရင်းပိုင်းများဖြတ်ထုတ်ပြီး ရေဆေး၍ ရေစစ်ထားပါ။

၃။       ရေနွေးအိုးတည်ပါ။ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်ပါ။ ဆူလာသောအခါ မှိုကိုထည့်၍ ချက်ချင်းဆယ်ယူပြီး ရေစစ်ထားပါ။

၎။       ပြီးလျှင် ရွှေပဲညွန့်ကို ရေဆူထဲထည့်ပြီး ချက်ချင်းဆယ်ယူ၍ ရေအေးစိမ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ရေစစ်ထားပါ။

၅။       ကြာမြစ်နှင့် မုန်လာဥနီတို့ကို အခွံနွှာ၊ ရေဆေးပြီး အကွင်းလေးများ လှီးထားပါ။

၆။       ရေဆူဆူမှာ ကြာမြစ်ကို ၂ မိနစ်ခန့်၊ မုန်လာဥနီကို ၁ မိနစ်ခန့် သီးသန့်စီ ပြုတ်ပြီး ဆယ်ယူထားပါ။ ဆန်ခါထဲထည့်ပြီး ရေစစ်ထားပါ။

၇။       ကြွက်နားရွက်မှိုကို ရေဆူဆူမှာ ၁ မိနစ်ခန့်ပြုတ်ပြီး ဆယ်ယူပါ။ ဆန်ခါထဲထည့်ပြီး ရေစစ်ထားပါ။

၈။       ငရုတ်သီးကြော်ပြုလုပ်ရန်အတွက် ငရုတ်သီးခွဲခြမ်းပေါ် ဆီပူကို ဖြည်းဖြည်းချင်း လောင်းချပေးပြီး မွှေထားပါ။

**   ဇီချွမ်ဆီမွှေးပြုလုပ်ရန် ဆီပူထဲမှာ တချို့ကို အသုံးပြုခြင်းဖြစ်ပါတယ်။

၉။       ပြုတ်ထားသော အသီးအရွက်များကို ပန်းကန်ထဲထည့်ပါ။ မြေပဲလှော်ထောင်းမှ ဆားအထိ ပါဝင်ပစ္စည်းအားလုံးထည့်ပြီး သေချာသမအောင် နယ်ပါ။

၁၀။     အရသာမြည်းပြီး  မိမိနှစ်သက်သော အနေအထားရလျှင် သက်သတ်လွတ်ဟင်းပွဲလေး အသင့်ဖြစ်ပါပြီ။

ဇီချွမ်ဆီမွှေး ချက်ရန်

နာနတ်ပွင့်  –  ၄ ပွင့်

ရှောက်ကော  –  ၂ လုံး

ဇီချွမ် ပက်ပါကောန်း  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –   ၈၀ မီလီလီတာခန့်

ချက်နည်း

၁။       ရှောက်ကော (ဖာလာစေ့ အမည်းရောင်) ကို ထုခွဲပြီး အစေ့များထုတ်ယူထားပါ။

၂။       ဒယ်အိုးပူပူမှာ ရှောက်ကောစေ့နှင့် ဇီချွမ်ပက်ပါကောန်းတို့ကို လှော်ပါ။ မွှေးလာလျှင် ခပ်ပြီး ဖယ်ထားပါ။ ငရုတ်ဆုံမှာ ညက်အောင်ထောင်းပါ။ ပန်းကန်လုံးထဲ ထည့်ထားပါ။

၃။       ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူတဲ့အခါ နာနတ်ပွင့်ထည့်ပါ။ ၃-၄ ချက်မွှေပေးပြီး မီးပိတ်ပါ။ ခဏလောက် ဆီအပူလျော့ အောင် စောင့်ပြီး ထောင်းထားသော အမှုန့်များအပေါ် ဖြည်းဖြည်းချင်း လောင်းချပြီး မွှေပေးပါ။ အပေါ်ယံ ဆီကိုသာ ခပ်ယူအသုံးပြုပါ။

Facebook Comments