သက်သတ်လွတ် ထမင်းပေါင်း

by Meemeetofu for Food Magazine

          ဝါတွင်း သက်သတ်လွတ်စားသူတို့အတွက်ပါရှင်။

ပါဝင်ပစ္စည်းများ (ထမင်း ၁ ပွဲစာ)

ကြက်သွန်ဖြူ

ချင်း  –  ၂ ပြား (ပါးပါးလှီး)

ဆီ  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်းခန့်

ကြွက်နားရွက်မှို  –  ၂ ပွင့်

ရွှေပဲသီး  –  ၄ တောင့်

မုန်လာဥနီ  –  ၂ လက်မအရွယ်

သီဟိုဠ်စေ့  –  ၁၀ စေ့

ပဲငံပြာရည်အကျဲ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

ပဲငံပြာရည်အပျစ်  –  အနည်းငယ်

မှိုငံပြာရည် အပျစ်  –  အနည်းငယ်

ဆား  –  သင့်ရုံ

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  ၁၅၀ မီလီလီတာခန့်

ကြာမြစ်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူနှင့် ချင်းတို့ကို နုပ်နုပ်စဉ်းထားပါ။

၂။       ကြွက်နားရွက်မှိုကို ရေစိမ်ပြီး ပွလာတဲ့အခါ အနေတော်အရွယ်လေးများ ဖြတ်ထားပါ။

၃။       မုန်လာဥနီကို မထူမပါး လှီးထားပါ။

၎။       ကြာမြစ်ကို အခွံနွှာပြီး အကွင်းလိုက် လှီးထားပါ။

၅။       ရွှေပဲသီးကို အညှာကနေ ကျောဘက်အမျှင်ကို ဖယ်ထားပါ။ အသီးတောင့်ကြီးလျှင် ၂ ပိုင်း ပိုင်းထားပါ။

၆။       ပန်းကန်လုံး ၁ လုံးမှာ ရေနှင့်ကော်မှုန့်တို့ကို ရောပြီး ဖျော်ထားပါ။

၇။       ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူသောအခါ သီဟိုဠ်စေ့ကို ကြွပ်အောင်ကြော်ပြီး ဆယ်ယူထားပါ။

၈။       ဆီကျန်မှာ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်မွှေပါ။ ၄-၅ ချက်မွှေပြီးသည်နှင့်  ကြာမြစ်၊ မုန်လာဥနီ၊ ရွှေပဲသီးနှင့် ကြွက်နားရွက်မှိုတို့ကို ထည့်မွှေပါ။ သကြား၊ ဆား၊ ပဲငံပြာရည်အပျစ်/အကျဲနှင့် မှိုငံပြာရည်တို့ကို ထည့်မွှေပါ။

၉။       အသီးအရွက်များ ကိုယ်နှစ်သက်တဲ့ နူးညံ့မှုအနေအထားရလျှင် ကော်ရည် ဖျော်ထားတာကို ထည့်မွှေပါ။ ကော်ရည်အရောင်ကြည်လာလျှင် သီဟိုဠ်စေ့ ထည့်မွှေပြီး ထမင်းပေါ် ဆမ်းပေးပါ။ ပြီးလျှင် ပူပူနွေးနွေး သုံးဆောင်ပါ။

Facebook Comments