သက်သတ်လွတ် ဆီချက်ခေါက်ဆွဲ (၅ ပွဲအတွက်)

by Myint Oo Tha for Food Magazine

          ဆီချက်ခေါက်ဆွဲရဲ့ အသက်က ဝက်ဆီလို့ ပြောကြပါတယ်။ ဒီလို သက်သတ်လွတ် ဆီချက်လုပ်စားမယ်ဆိုတော့ အရသာကောင်းပါ့မလား၊ ဝက်ဆီနံ့မွှေးမွှေးလေး ရပါ့မလားဆိုပြီး မစိုးရိမ်ပါနဲ့။ ဆီချက်ခေါက်ဆွဲ မွှေးမွှေးလေးရဖို့အတွက် နှမ်းလှော်ဆီမွှေးလေး ထည့်လိုက်ရင် ရပါပြီ။ နှမ်းလှော် ဆီမွှေးမှာ နာနတ်ပွင့်နဲ့ ရှားကောမှုန့်ထည့်ပြီး ချက်လို့ မမွှေးမှာ မပူရတော့ပါဘူး။

ပါဝင်ပစ္စည်းများ

ဂျုံခေါက်ဆွဲဖတ်အစို  –  ၅၀ ကျပ်သား

ကြက်သွန်မြိတ်  –  ၃ ပင် (ပါးပါးလှီးထားပါ)

နံနံပင်  –  ၃ ပင် (ပါးပါးလှီးထားပါ)

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၅ ဇွန်း

ပဲငံပြာရည်အနောက်  –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

နှမ်းဆီမွှေး  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း  ၅ ဇွန်း

(ဆီချက် ချက်နည်း ရေးထားပေးပါတယ်)

နှမ်းလှော်ဆီချက်  –  စားပွဲဇွန်း ၅ ဇွန်း

(နှမ်းလှော်ဆီချက် ချက်နည်း ရေးထားပေးပါတယ်)

ငရုတ်ကောင်းအဖြူမှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူဆီချက် ချက်ရန် လိုအပ်တာတွေကတော့-

ကြက်သွန်ဖြူ  –  ၅၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ဆီ  –  စားပွဲဇွန်း ၇ ဇွန်း

နှမ်းလှော်ဆီချက် ချက်ရန် လိုအပ်တာတွေကတော့-

နှမ်းလှော်  –  စားပွဲဇွန်း ၂ ဇွန်း (မညက်တညက် ထောင်းထားပါ)

ဆီ  –  စားပွဲဇွန်း ၇ ဇွန်း

နာနတ်ပွင့်  –  ၃ ပွင့်

ရှားကောသီး (သို့)ရှားကောမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ချဉ်လုပ်ရန် လိုအပ်တာတွေကတော့-

ငရုတ်သီးစိမ်းအတောင့်ရှည်  –  ၅ တောင့် (ပါးပါးလှီးထားပါ)

ရှလကာရည်  –  စားပွဲဇွန်း ၅ ဇွန်း

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူဆီချက် ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး နီညိုရောင်သန်းသည်အထိ ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။

၂။       နှမ်းလှော်ဆီချက်ချက်ရန်အတွက် အပူခံတဲ့ ပန်းကန်ထဲ နှမ်းလှော်၊ နာနတ် ပွင့်နှင့် ရှားကောမှုန့်တို့ကို ထည့်ထားပါ။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် နှမ်းလှော်ထည့်ထားတဲ့ ပန်းကန်ထဲ လောင်းထည့်ပါ။

၃။       ငရုတ်ချဉ်အတွက် ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ရှလကာရည်နှင့် ဆားထည့်ပြီး စိမ်ထားပါ။ (ရှလကာရည် မသုံးချင်လျှင် သံပရာမှုန့် ကို ရေကျက်အေးနဲ့ ရောပြီး သုံးလည်း ရပါတယ်။)

၎။       ပွဲပြင်တဲ့အခါ ပန်းကန်ထဲ ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းလှော်ဆီချက် စားပွဲဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး အနည်းငယ်၊ ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးလျှင် ခေါက်ဆွဲကို ရေနွေးဖြောပြီး ထည့်ပါ။ ကြက်သွန်မြိတ်၊ နံနံပင်နှင့် ငရုတ်ကောင်း အဖြူမှုန့်တို့ကို အနည်းငယ်ထည့်ပြီး နယ်ပါ။

၅။       ငရုတ်သီးစိမ်းချဉ်ကို လိုသလောက် ပန်းကန်အသေးထဲထည့်ပြီး ပဲငံပြာရည် အနည်းငယ်ထည့်၍ ဆီချက်ခေါက်ဆွဲနဲ့ တွဲပြီး သုံးဆောင်ပါ။

Facebook Comments