သက်သတ်လွတ် ချဉ်ပေါင်ထမင်းသုပ်နှင့် ပဲပြားကြော်ဆာတေး

by Myint Oo Tha for Food Magazine

          သက်သတ်လွတ် ချဉ်ပေါင်ကြော်နဲ့ သက်သတ်လွတ် ပဲငါးပိချက်ရှိပြီဆိုရင် သက်သတ်လွတ်ချဉ်ပေါင်ထမင်းသုပ် သုပ်စားလို့ရပါပြီ။ တွဲပြီးစားဖို့ကတော့ ပဲပြားကြော် ဆာတေးပါ။ ပဲပြားကြော်ပေါ်မှာ ဖြူးစားဖို့ အရသာမှုန့် စပ်နည်းလေးပါ ရေးပေးထားပါတယ်။ အဲဒီအရသာမှုန့်ကို အာလူးကြော်ပေါ်မှာလည်း ဖြူးလို့ရပါတယ်။

ပဲပြားကြော်ဆာတေးအတွက် လိုအပ်တာတွေကတော့-

ပဲပြား  –  ၂ တုံး ( ၂၀ဝ ဂရမ်)

ဆန်မှုန့်  –  ၁၀ဝ ဂရမ်

နံနံစေ့  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း (လှော်ပြီး ထောင်းထားပါ)

ဖာလာစေ့  –  ၅ စေ့

ကြက်သွန်ဖြူ  –  ၅ မြွှာ

ရေ  –  ၁/၂ ခွက်

အရသာမှုန့်စပ်ရန် လိုအပ်တာတွေကတော့-

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

မဆလာ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သက်သတ်လွတ်ချဉ်ပေါင်ထမင်းကြော်အတွက် လိုအပ်တာတွေကတော့-

သက်သတ်လွတ်ချဉ်ပေါင်ကြော်  –  စားပွဲဇွန်း ၁ ဇွန်း

သက်သတ်လွတ်ပဲငါးပိချက်  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအကျက်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီချက်အနီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲမှုန့်အကျက်မှုန့်  –  စာပွဲဇွန်း ၁ ဇွန်း

ထမင်း  –  ပန်းကန်လုံး ၁ လုံး

ပြုလုပ်နည်း

၁။       ပဲပြားကို ကြိုက်နှစ်သက်တဲ့အရွယ် တုံးထားပါ။

၂။       မှုန့်နှစ်ဖျော်ရန်အတွက် ဇလုံထဲ ဆန်မှုန့်ထည့်ပါ။ ဖာလာစေ့ထောင်းပြီး ထည့်ပါ။ ကြက်သွန်ဖြူထောင်းပြီး ထည့်ပါ။ လှော်ပြီး ထောင်းထားတဲ့ နံနံစေ့ထည့်ပါ။

၃။       ပြီးလျှင် ရေထည့်ပြီး မုန့်နှစ်ဖျော်ပါ။

၎။       တုံးထားတဲ့ ပဲပြားကို မုန့်နှစ်နဲ့လူးပြီး နီညိုရောင်သန်းသည်အထိ ကြော်ပါ။

၅။       ပြီးလျှင် ဆယ်ယူထားပါ။

၆။       အရသာမှုန့်အတွက် လိုအပ်တဲ့ ငရုတ်သီးအရောင်တင်မှုန့်၊ မဆလာ၊ ကြက်သွန် ဖြူမှုန့်၊ သက်သတ်လွတ် အရသာမှုန့်နှင့် ဆားတို့ကို ပန်းကန်လုံး ၁ လုံးထဲ ထည့်ပြီး သမအောင် မွှေထားပါ။

၇။       ကြော်ထားတဲ့ ပဲပြားကို ဝါးချောင်းနှင့် ထိုးသီထားပါ။ ပြီးလျှင် စပ်ထားတဲ့ အရသာမှုန့် ဖြူးပါ။

၈။       ပြီးလျှင် သက်သတ်လွတ်ချဉ်ပေါင်ထမင်းသုပ်နှင့် စားမယ့် ပဲပြားကြော်ဆာတေး ရပါပြီ။

၉။       သက်သတ်လွတ် ချဉ်ပေါင်ထမင်းသုပ်ဖို့အတွက် ဇလုံထဲ ထမင်းဖြူထည့်ပါ။ ပြီးလျှင် သက်သတ်လွတ် ချဉ်ပေါင်ကြော်၊ သက်သတ်လွတ် ပဲငါးပိချက်၊ ဆီချက်အနီ၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်အကျက်တို့ကို စားပွဲဇွန်း ၁ ဇွန်းစာစီ ထည့်ပြီး နယ်ပါ။  အစပ်ကြိုက်ပါက ငရုတ်သီးအကျက်မှုန့် ထည့်နိုင်ပါတယ်။ (အဲဒီချဉ်ပေါင် ထမင်းက ၁ ပွဲစာ ဖြစ်ပါတယ်။ သက်သတ်လွတ် ချဉ်ပေါင်ကြော်နဲ့ သက်သတ်လွတ် ပဲငါးပိချက်နည်းကို သီးသန့်ရေးထားပေးပါတယ်။)

Facebook Comments