သက်သတ်လွတ် ခရမ်းချဉ်သီးမီးဖုတ် ထမင်းသုပ်နှင့် ပဲပြုတ်မျှစ်ကြော်

by Myint Oo Tha for Food Magazine

          ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်ကတော့ ကျွန်တော် ရွာမှာနေစဉ်က ကျွန်တော့်ရဲ့ အစ်မအကြီးဆုံးက သက်သတ်လွတ်စားလေ့ရှိ တယ်။ ကျွန်တော်တို့တစ်တွေလည်း အစ်မကြီးနှင့်အတူ သက်သတ် လွတ်စားတဲ့နေ့တွေ ရှိလာတယ်။ သက်သတ်လွတ်စားဖို့ ဆိုပြီး စားနေကျ ဟင်းတွေအစား ခက်ခက်ခဲခဲနဲ့ ချက်နေရတာမျိုးမဟုတ်ဘဲ မီးဖိုထဲမှာရှိတဲ့ ကျွန်တော်တို့ခြံထွက် ကိုင်းခရမ်းချဉ်သီးလေးကို မီးဖုတ်ပြီး သုပ်တဲ့ ထမင်းသုပ်ပါ။ ပဲပြုတ်မျှစ်ကြော်ဆိုရင်လည်း မနက်ပိုင်း ဆွမ်းလောင်းလေ့ရှိတဲ့ ဟင်းတစ်ခွက်ပါပဲ။

ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်အတွက် လိုအပ်တာတွေကတော့-

ခရမ်းချဉ်သီးမှည့်  –  ၄ လုံး (၃၅၀ ဂရမ်)

ကြက်သွန်နီ  –  ၁၇၀ ဂရမ် (ပါးပါးလှီးထားပါ)

ဆီ  –  စားပွဲဇွန်း ၇ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ထမင်းဖြူ  –  ပန်းကန်လုံး ၁ လုံး

ပဲပြုတ်မျှစ်ကြော်အတွက် လိုအပ်တာတွေကတော့-

စားတော်ပဲပြုတ်  –  ၃၅၀ ဂရမ်

မျှစ်  –  ၄၂၀ ဂရမ် (ပြုတ်ထားပါ)

ကြက်သွန်နီဆီချက်  –  စားပွဲဇွန်း ၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်း

ပြုလုပ်နည်း

၁။       ခရမ်းချဉ်သီးမှည့်ကို မီးဖုတ်ပြီး အခွံခွာထားပါ။

၂။       ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို နီညိုရောင်သန်းအောင် ကြော်ပြီး ကြက်သွန်နီ ဆီချက် ချက်ထားပါ။

၃။       ပဲပြုတ်မျှစ်ကြော်ဖို့အတွက် ဒယ်အိုးထဲ ကြက်သွန်နီဆီချက် ၄ ဇွန်း ထည့်ပါ။

၎။       ပြီးလျှင် ပြုတ်ထားတဲ့မျှစ် ထည့်ပြီး ကြော်ပါ။ ပြီးလျှင် စားတော်ပဲ၊ ဆား၊ ကြက်သွန်နီကြော်ထည့်ပြီး ကြော်ပါ။

၅။       ထမင်းသုပ်ဖို့အတွက် ဇလုံ ၁ လုံးထဲ ၁ ယောက်စာ ထမင်း ၁ ပန်းကန်လုံးထည့်ပါ။ မီးဖုတ်ထားတဲ့ ခရမ်းချဉ်သီး၂ လုံးကို ခြေပြီး ထည့်ပါ။ ဆီချက် ၂ ဇွန်းထည့်ပါ။ ပြီးလျှင် ဆားထည့်ပြီး နယ်ပါ။

၆။       ပြီးလျှင် အနီရောင်သန်းနေတဲ့ ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်ရပါပြီ။ အဆင်သင့်ကြော်ထားတဲ့ ပဲပြုတ်မျှစ်ကြော်ရပါပြီ။

Facebook Comments