သက်သတ်လွတ်ပြောင်းဖူး ကော်ကြော်

by Meemeetofu for Food Magazine

          ဝါတွင်း သက်သတ်လွတ်စားသူတို့ ထမင်းတစ်အိုး၊ ဟင်းတစ်ခွက် သီးသန့်စီချက်နေဖို့ မလိုဘဲ ကော်မှုန့်လေး အရည်ဖျော်ပြီး ကြော်လိုက်ရုံနဲ့ ဗိုက်ပြည့်လွယ်တဲ့ ပြောင်းဖူးကော်ကြော် လေးတစ်ပွဲကို အချိန်တိုအတွင်းမှာ လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။  ပါဝင်ပစ္စည်းအမည်နည်းပြီး လုပ်နည်းကလည်း ရှင်းပြီး လွယ်ကူပါတယ်။ မကပ်တဲ့အိုး၊ ဆီဝနေတဲ့အိုးကို အသုံးပြုဖို့တော့ လိုပါတယ်။ ကော်ကြော်ကို အကြွပ်ကြော်လိုလျှင် ရေ အနည်းငယ် ပိုထည့်ပြီး မုန့်ရည်ကို ပါးပါးလေးသာ ထည့်ပါ။ မမွှေဘဲ ဟိုဘက်၊ ဒီဘက် ကြွပ်အောင် လှန်ပေးပါ။

          အပျော့ကြော်လိုသူများက မုန့်ရည်ထူထူ ထည့်ပါ။ မခဲ မကျက်သေးတဲ့ မျက်နှာပြင်ပေါ်က မုန့်ရည်များ ဒယ်အိုးမျက်နှာ ပြင်နဲ့ထိတွေ့အောင် မုန့်ရည်ကို ယောက်မဖြင့် ၄-၅ နေရာမှာ အပေါက်ဖောက်ပြီး ဖွင့်ဟပေးပါ။ တစ်ဖက်ကျက်တဲ့အခါ နောက်တစ်ဖက်ကို လှန်ပေးရပါတယ်။

ပါဝင်သောပစ္စည်းများ (၁၂  ခု)

ပြောင်းဖူးပြုတ်  –  ၁ ဖူး

ကျူချိုင်  –  ၈ ပင် (Chive)

ဆန်မှုန့်  –  ၃၀ ဂရမ် (စားပွဲဇွန်း ၁ ဇွန်း မောက်မောက်)

မွှေးကော်မှုန့်  –  ၁၅၀ ဂရမ် (၁ ထုပ်)

ဆား  –  အနည်းငယ်

သကြား  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၄ ဇွန်း

ဆလတ်ရွက်  –  ၂ ပင်

ရေ  –  ၃၆၀ မီလီလီတာ

အချဉ်ရည်ပြုလုပ်ရန်

၁။       ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၂၀ဝ မီလီလီတာနဲ့ ရောကျိုပါ။ အရောင်ကြည်သွားလျှင် အအေးခံပါ။

၂။       မန်ကျည်းသီးမှည့်ကို ရေနွေးဖြင့် ပျစ်ပျစ်လေးရအောင် အနှစ်တိုက်ထားပါ။

၃။       ကြက်သွန်ဖြူ ၃ မြွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်နှင့် ထန်းလျက် ၆ ခဲတို့ကို ရောထောင်းပါ၊ အချဉ်ရည် ဖျော်မည့်ပန်းကန်လုံးထဲ ခပ်ထည့်ပါ။ ဆား၊ မန်ကျည်းရည် အနည်းငယ် ထည့်ပြီး ရောမွှေပါ။ ကော်ရည်ကို နည်းနည်းချင်းထည့်ပါ။ မိမိလိုချင်တဲ့ အရသာ အပျစ်၊ အကျဲရအောင် ဖျော်စပ်ပါ။

၎။       အချဉ်ပါလေရုံနှင့် အချိုကဲသော အရသာထွက်အောင် မန်ကျည်းနှစ်ကို ချင့်ချိန်ပြီး ထည့်ပါ။

ကော်ကြော် ကြော်နည်း

၁။       ပြောင်းဖူးပြုတ်ကို ဓားဖြင့် လှီးပြီး အစေ့ခြွေထားပါ။

၂။       ကျူချိုင် (Chive) ကို ၁ လက်မရဲ့  ၃ ပုံ ၁ ပုံအရွယ် လှီးထားပါ။ ဆလတ်ရွက်ကို ရေဆေးပြီး သန့်စင်ထားပါ၊

၃။       ကော်မှုန့် ၁ ထုပ်မှ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အချဉ်ရည်ဖျော်ရန် ဖယ်ပြီး ကျန်အမှုန့်အားလုံးကို ဇလုံ တစ်လုံးထဲ ထည့်ပါ။ ဆန်မှုန့်၊ ဆား၊ သကြားနှင့် ရေ ၃၆၀ မီလီလီတာတို့ကို ထည့်မွှေပါ။

၎။       ပြောင်းဖူးစေ့နှင့် ကျူချိုင် လှီးထားတာကို ထည့်၍မွှေပေးပါ။

၅။       မကပ်သော ဒယ်အိုးပြား (၉ လက်မအရွယ်) သို့မဟုတ် ဆီဝနေသော သံဒယ်အိုးပြားထဲ ဆီအနည်းငယ် ထည့်၍ ဆီပူလာလျှင် ဖျော်ထားသော ကော်မှုန့်ရည်ကို မွှေပေးပြီး မုန့်ရည်ထည့်ပါ။ ခပ်ပါးပါးသာ ဖြစ်ရပါမယ်။ ပျစ်မည်ထင်လျှင် ရေ အနည်းငယ်ထပ်ရောပါ။ မုန့်ရည်ကို ဒယ်အိုးအပြည့် နှံ့သွားအောင် ဖြန့်ပေးပါ။

၆။       အောက်ဘက်ကြွပ်ပြီဆိုလျှင် နောက်တစ်ဖက်ကို လှန်ပေးပါ။ ကြွပ်လာပြီဆိုလျှင် နောက်တစ်ဖက်ကို ပြန်လှန်ပေးပြီး ပြန်ကြွပ်သွားအောင် ထပ်ကြော်ပေးပါ။ ပြီးလျှင် ဆလတ်ရွက် ခင်းထားတဲ့ ပန်းကန်မှာတင်ပါ။ အသင့်လုပ်ထားတဲ့ အချဉ်ရည်ဆမ်းပြီး ပူနေဆဲ၊ ကြွပ်နေဆဲမှာ သုံးဆောင်ပါ။

Facebook Comments