သက်သတ်လွတ်အုန်းထမင်းနှင့် ပဲပြားဆီပြန်ဟင်း၊ တောသရက်သီးသုပ်

by Myint Oo Tha for Food Magazine

အုန်းထမင်းချက်ပြီဆိုလျှင် ကြက်သားဆီပြန်ဟင်းနဲ့မှ လိုက်ဖက်ပါတယ်။ ယခုလို သက်သတ်လွတ်ချက်မယ်ဆိုတော့ ကြက်သားဆီပြန်ဟင်းအရသာအတိုင်းရအောင် ပဲပြားနှင့် တိုဟူးတို့ကို ရောပြီးချက်ပါတယ်။ ပဲပြားဆီပြန်ဟင်းအနှစ်က ကြက်သားဆီပြန်ဟင်း အနှစ်အရသာအတိုင်းမို့ အရမ်းစားကောင်းပါတယ်။ ပြီးတော့ အအီပြေဖို့အတွက် သရက်သီးစိမ်းကို ကျွန်တော်တို့ခြံထဲမှာ သုပ်စားတဲ့ ရိုးရိုးတောသုပ်လေးနဲ့ တွဲပြီး စားပါတယ်။ သရက်ခြံထဲမှာ လေကြွေတဲ့ သရက်သီးကို ဓားနဲ့ပေါက်ပြီး ဆား၊ ကြက်သွန်နီ၊ ပဲဆီလေးနဲ့ နယ်လိုက်ရုံပါပဲ။

အုန်းထမင်းအတွက် လိုအပ်တာတွေကတော့-

ပေါ်ဆန်းမွှေး  –  ၄ ခွက် (ထမင်းပေါင်းအိုးထဲမှ ခွက်)

အုန်းနို့  –  ၁  ၁/၂ ခွက်  (၂၀ဝ မီလီလီတာ) + ၂၀ဝ မီလီလီတာ

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ (shallots)  –  ၄ လုံး (၄၀ ဂရမ်)

ရေ  –  ၃ ၁/၂ ခွက် (ထမင်းပေါင်းအိုးထဲက ခွက်)

ပဲပြားဆီပြန်ဟင်းအတွက် လိုအပ်တာတွေကတော့ –

ပဲပြား  –  ၃၀ဝ ဂရမ် (၂ တုံး) (လေးထောင့်အတုံးတုံးထားပါ)

ဆား  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ချင်း  –  ၁၀ ဂရမ် (ထောင်းထားပါ)

စပါးလင်  –  ၂ ချောင်း (ဓားပြားရိုက်ထားပါ)

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သက်သတ်လွတ်ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  ၄၀ဝ မီလီလီတာ

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၂၀ ဂရမ်

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အအီပြေ တောသရက်သီးသုပ်ရန် လိုအပ်တာတွေကတော့-

သရက်သီးစိမ်း  –  ၁ လုံး (ခြစ်နှင့်ခြစ်ထားပါ)

ကြက်သွန်နီ  –  ၂ ဥ (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ပါးပါးလှီးထားပါ)

ပဲဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း (လျှပ်စစ်ထမင်းပေါင်းအိုးနှင့် ချက်နည်း)

၁။       ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲ ထည့်ပါ။ ပြီးလျှင် ဆား၊ သကြား၊ အုန်းနို့ ၂၀ဝ မီလီလီတာ၊ ကြက်သွန်နီနှင့် ရေထည့်ပြီး ချက်ပါ။

၂။       ပေါင်းအိုးခလုတ်တက်ပြီး ထမင်းကျက်လျှင် အုန်းနို့အပျစ် ထပ်ထည့်၍ မွှေပါ။ ပြီးလျှင် အဖုံးဖုံးပြီး ၅ မိနစ်ခန့် ပြန်နှပ်ထားပါ။

၃။       ပဲပြားဆီပြန်ဟင်းချက်ရန်အတွက် အနေတော်တုံးထားတဲ့ ပဲပြားကို ဆား၊ နနွင်းမှုန့်၊ ချင်းရည်တို့နှင့် နယ်ပြီး နှပ်ထားပါ။

၎။       အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်တို့ကို ရောပြီး ထောင်းထားပါ။

၅။       စပါးလင်ကို ဓားပြားရိုက်ထားပါ။

၆။       ပဲပြားကြော်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလျှင် ပဲပြားကို နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူထားပါ။

၇။       ပြီးလျှင် ထောင်းထားတဲ့အနှစ်ထည့်ပြီး ဆီသတ်ပါ။ စပါးလင်ထည့်ပြီး ဆီသတ်ပါ။

၈။       မွှေးလာလျှင် ကြော်ထားတဲ့ ပဲပြားထည့်ပြီး မွှေပါ။ ရေထည့်ပါ။

၉။       ဆူလာလျှင် သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ဆား၊ ပဲငံပြာရည် ထည့်ပြီး ချက်ပါ။ ဆီကျန် ရေကျန်ချက်ပါ။

၁၀။     တောသရက်သီးသုပ်ရန် သရက်သီးကို ဓားဖြင့်ပေါက်ပါ။ ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ။

၁၁။     အသင့်ဖြစ်လျှင် သရက်သီးပေါက်၊ ကြက်သွန်နီ/ဖြူ၊ ဆား၊ ဆီဆမ်းပြီး နယ်ပါ။

Facebook Comments