သက်သတ်လွတ်မုန့်ဟင်းခါး (Vegetarian Rice Noodle In Fish Soup)

by Myint Oo Tha for Food Magazine

          မုန့်ဟင်းခါးကို ငါးနဲ့ပဲ ချက်ကြပါတယ်။ တချို့အရပ်ဒေသမှာတော့ ကြက်သားနဲ့ချက်တဲ့ မုန့်ဟင်းခါးလည်း ရှိပါတယ်။ သက်သတ်လွတ်ချက်မယ်ဆိုတော့ ဟင်းရည်အရသာကောင်းဖို့အတွက်ဆိုရင် ကုလားပဲမှုန့်၊ မြေပဲမှုန့်တို့ကို သုံးပါမယ်။ မုန့်ဟင်းခါးနံ့လေးမွှေးနေဖို့အတွက် ဆန်လှော်မှုန့်နဲ့ စပါးလင်ထည့်ချက်ပါမယ်။ အချိုအရသာအတွက် ထန်းလျက်နည်းနည်းထည့်ပါမယ်။ ဒါဆိုလျှင် သက်သတ်လွတ်မုန့်ဟင်းခါးက အရသာကောင်းမှာ သေချာသွားပါပြီ။ ပြီးတော့ ကြက်သွန်နီဥအသေး၊ မှို၊ ကြာစွယ်၊ ငှက်ပျောအူ စုံနေအောင်ထည့်ဦးမှာဆိုတော့ ရှယ်ပြီပေါ့။ ကျွန်တော်ကတော့ အညာသားဖြစ်လို့ မုန့်ဟင်းခါးမှာ ဘူးသီးကြော်ထည့်စားတာထက် မတ်ပဲ၊ ဗယာကြော်ထည့်စားရတာကို ပိုပြီး ကြိုက်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်အတွက် လိုအပ်တာတွေကတော့-

ဟင်းသီးဟင်းရွက်ပြုတ်ရည် (သို့) ရေ  –  ၁.၆ လီတာ

ဆန်လှော်မှုန့်  –  ၂၀ ဂရမ်

ကုလားပဲမှုန့်အစိမ်း  –  ၂၀ ဂရမ်

မြေပဲလှော်မှုန့်  –  ၃၅ ဂရမ်

စပါးလင်  –  ၂ ချောင်း

ငှက်ပျောအူ

ကြာစွယ်  –  ၂၀ဝ ဂရမ် (အခွံနွှာပြီး ပါးပါးလှီးထားပါ)

ကြက်သွန်နီဥအသေး  –  ၁၂ လုံး (အခွံနွှာထားပါ)

ငါးအသားလုံးအတု  –  ၁၀ လုံး (ရေ ၃ မိနစ်ခန့် စိမ်ထားပါ)

သက်သတ်လွတ်မုန့်ဟင်းခါးနဲ့ တွဲစားရန် လိုအပ်တာတွေကတော့-

နံနံပင်  –  ၅ ပင် (ပါးပါးလှီးထားပါ)

ပဲတောင့်ရှည်  –  ၄ တောင့်

ငရုတ်သီးအလှော်မှုန့်  –  ကြိုက်နှစ်သက်သလောက် ထည့်စားပါ

ကြက်သွန်ဖြူဆီချက်  –  ကြိုက်နှစ်သက်သလောက် ထည့်စားပါ

သံပရာသီး  –  ၅ လုံး

အကြော်စုံ (ကြိုက်နှစ်သက်တဲ့ အကြော်)

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၈၀ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၁၂ ဂရမ်

ငရုတ်ခြောက်အတောင့်ပွ  –  ၁၅ ဂရမ် (ပြုတ်ထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

စပါးလင်  –  ၂ ချောင်း

အရသာအတွက် လိုအပ်တာတွေကတော့-

ပဲငံပြာရည်  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

ထန်းလျက်  –  ၁ လုံး

ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ညက်အောင် ထောင်းပါ။

၂။       ပြီးလျှင် ချက်မည့်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ။

၃။       မွှေးလာလျှင် ဟင်းသီးဟင်းရွက်ပြုတ်ရည်၊ ဒါမှမဟုတ် ရေ ၁.၆ လီတာ ထည့်ပါ။

၎။       ရေဆူလာသည်နှင့် မြေပဲမှုန့်ထည့်ပါ။ ပြီးလျှင် ကုလားပဲမှုန့်အစိမ်းကို ရေနဲ့ဖျော်ပြီး ထည့်ပါ။

၅။       အစိမ်းနံ့ပျောက်သည်အထိ ချက်ပါ။

၆။       ပြီးလျှင် ဆန်လှော်မှုန့်ကို ရေအနည်းငယ်နဲ့ ရောမွှေပြီး ထည့်ပါ။

၇။       ဆူနေတဲ့အချိန်မှာ ကြက်သွန်နီဥ၊ ကြာစွယ်ထည့်ပါ။ ပြီးလျှင် ပဲငံပြာရည်၊ ထန်းလျက်၊ ဆား၊ သက်သတ်လွတ် အရသာမှုန့်ထည့်ပြီး ကြာစွယ်နှင့် ကြက်သွန်နီဥ နူးသည်အထိ ချက်ပါ။

၈။       ရေစိမ်ထားတဲ့ ငါးအသားလုံးအတုကို ရေညှစ်ပြီး နီညိုရောင်သန်းသည်အထိ ကြော်ထားပါ။

၉။       စားသုံးမည်ဆိုပါက မုန့်ဖတ်ကို ၁ ပွဲစာ ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ဟင်းရည်လောင်းထည့်ပါ။ ကြာစွယ်၊ ကြက်သွန်ဥ၊ နံနံပင်၊ ပဲတောင့်ရှည်၊ ငရုတ်သီး အကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ကြိုက်နှစ်သက်တဲ့ အကြော် (ကျွန်တော်ကတော့ မတ်ပဲကြော် ထည့်စားပါတယ်။) ထည့်ပြီး သုံးဆောင်ပါ။

(ငှက်ပျောအူထည့်ချက်လျှင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြာစွယ်နှင့် ငှက်ပျောအူ နှစ်မျိုးစလုံး ထည့်ချက်လျှင်လည်း ရပါတယ်။)

Facebook Comments