ဝါးခယ်မ အုန်းကောက်ညှင်းပေါင်း

by Htet Family’s Creation for Food Magazine

          ကျွန်မ ရောက်ရာအရပ်မှာ  တွေ့ရာနေရာမှာ တွေ့တဲ့သူဆီက စားစရာနဲ့ပတ်သက်ရင် ပညာသင်လေ့ ရှိပါတယ်။ ရောက်တဲ့နေ့က ဝါးခယ်မမြို့သူ၊ မြို့သားများက မျက်စိရောဂါများကို အခမဲ့ ခွဲစိတ်ကုသပေးနေတဲ့ နေရာလေး ရောက်ခဲ့ပါတယ်။ လူတစ်ထောင်ကျော်လောက်ကို အခမဲ့ ကုသပေးခွဲစိတ်ပေးတဲ့အပြင် မျက်မှန်နဲ့ ဆေးတွေကို ၃ လစာ လှူဒါန်းကြပါတယ်တဲ့။ ဘယ်လောက်မွန်မြတ်ပါသလဲလို့။ ကျွေးမွေးနေတာကပါသေး။ ဝင်လေ့လာပြီး စားရင်းသောက်ရင်းပေါ့နော်။ အဲဒီမှာကျွေးတဲ့ ကောက်ညှင်းပေါင်းက ကောင်းလွန်းလို့ ဘယ်လိုမှ မမေ့နိုင်ဘူး။ အဲဒါနဲ့ လုပ်နည်းလေး မေးခဲ့တာပါ။ အလွန်လွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန်  –  ဆန်ချိန်ခွက် ၂ ခွက်

အုန်းစိမ်းနုနုအရည်  –  ချင်တွယ်ခွက် ၂ မှတ်စာ

ဆား  –  အချိုဇွန်း ၁/၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကောက်ညှင်းဆန်ကို ၂ နာရီ စိမ်ထားပါတယ်။ အုန်းစိမ်းရည်နုနုလေး (ဇွန်းခြစ်အနေရှိသော) လည်း လိုပါတယ်။

၂။       ကျွန်မကတော့ ထမင်းပေါင်းအိုးထဲကို ထည့်ချက်လိုက်တာပါပဲ။ ရေအစား အုန်းစိမ်းရည် ထည့်လိုက်တာပါ။

၃။       ဆန်နှစ်ခွက်၊ အုန်းစိမ်းရည် နှစ်ခွက်ပါပဲ။ ဆားကတော့ မဆိုသလောက်လေး ထည့်ပါတယ်။ မွှေးနေတာပဲ။ သဘာဝအတိုင်း ချိုဆိမ့်နေတာပါ။

၎။       ကျက်သွားတဲ့အခါ  ဝါးခယ်မသူတွေရဲ့ ထုံးစံအတိုင်း ပုစွန်ကြော်မွှေးမွှေး၊ ဝက်သားပြားကြော်မွှေးမွှေး စတာတွေနဲ့ နှမ်းထောင်းလေးနဲ့ တွဲဖက်စားကြပါတယ်။ အုန်းသီးခြစ်လေးတွေကတော့ မပါမဖြစ်ပေါ့နော်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments