ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို (Saute Pork with Kim-Chi & Cleared Mushroom Soup)

USN_2

USN_3

USN_4

USN_5

          ဒီလအတွက် ပရိသတ်များကို ရွေးချယ်ပေးလိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘ဝက်သား ကင်မ်ချီနှင့် မှိုဟင်းချို’ပါပဲ။ ဝက်ပေါင်သားကို ဝက်အူချောင်း၊ ကင်မ်ချီ၊ မုန်ညင်းစိမ်းတို့နဲ့ ချိုချဉ်ငန်စပ်လေး ကြော်တာရယ် ဂျပန်ရှီမိဂျိမှိုဖြူကို ဝက်သားပြုတ်ရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နဲ့ ဟင်းချိုချက်ပြီး သံပရာရည်လေး ညှစ်ထားတာတွေပါ။ ဝက်သားကို ကင်မ်ချီနဲ့ ချက်ထားတာကတော့ ကိုရီးယားအစားအစာ ပြင်ဆင်နည်းလေး တစ်မျိုးပေါ့။ မှိုဟင်းချိုလေးကတော့ ရိုးရိုးရှင်းရှင်းလေးဆိုပါတော့ဗျာ။ ဒီဟင်းလျာအတွဲလေးက ရိုးရှင်းပြီး အာဟာရပြည့်စေမှာ အသေအချာပါပဲ။ ဝက်သားမစားတဲ့ ပရိသတ်များအနေနဲ့ ကြက်ရင်အုပ်သားနဲ့ ကြက်အူချောင်းတို့ကို အစားထိုးပြင်ဆင်သုံးဆောင်နိုင်ပါတယ်။ ကဲ . . . ကိုရီးယားအစားအစာ Fusion Style လေးနဲ့ မိသားစုများ ထမင်းမြိန်ကြပါစေဗျား . . . ။

ဝက်သား ကင်မ်ချီ

►     ဝက်သားကင်မ်ချီတွင် ပါဝင်ပစ္စည်းများ

♦   ဝက်ပေါင်းသား   –   ၁ဝ ကျပ်သား

♦   ဝက်အူချောင်း   –   ၂ ချောင်း

♦   ကင်မ်ချီ   –   ၅ ကျပ်သား

♦   မုန်ညင်းစိမ်း   –   ၃ ပင်

♦   တရုတ်နံနံ   –   အနည်းငယ်

♦   ငရုတ်သီး (နီ)   –   ၁ တောင့်

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ချင်း   –   အနည်းငယ်

♦   ခရုဆီ   –   ၃ ဇွန်း

♦   ပဲငံပြာရည်   –   ၁ ဇွန်း

♦   ဆန်အရက်   –   ၂ ဇွန်း

♦   နှမ်းဆီမွှေး   –   အနည်းငယ်

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

►     ဝက်သားကင်မ်ချီ ချက်ပြုတ်ပုံအညွှန်း

၁။      ဝက်ပေါင်သားကို ကြက်သွန်ဖြူ ၊ ချင်း၊ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် (၁ဝ) မိနစ်ခန့်ပြုတ်ပြီး ပါးပါးလှီးထားပါ။

၂။      မုန်ညင်းစိမ်းကို သန့်စင်အောင်ဆေးပြီး ပြုတ်ပါ။

၃။      ဝက်အူချောင်းနှင့် ငရုတ်သီး (အနီ)၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ပါးပါးလှီးပါ။

၎။      ဒယ်အိုးထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။

၅။      ပြုတ်ထားသော ဝက်ပေါင်သားကို ထည့်၍ကြော်ပါ။

၆။      ဝက်ပေါင်သားကျက်လျှင် ကင်မ်ချီ၊ ဝက်အူချောင်း၊ မုန်ညင်းစိမ်း၊ ငရုတ်သီး (နီ)၊ ဆန်အရက်၊ ခရုဆီ၊ ပဲငံပြာရည် (အချို)၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပါ။

၇။      အဆုံးသတ်တွင် နှမ်းဆီမွှေး အနည်းငယ်ထည့်၍ စားသုံးနိုင်ပါသည်။

►     မှိုဟင်းချိုတွင် ပါဝင်ပစ္စည်းများ

♦   ဝက်သားပြုတ်ရည်   –   ၁ လီတာ

♦   ရှီမိဂျိမှိုဖြူ   –   အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   သံပရာသီး   –   အနည်းငယ်

♦   ချင်း   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦     ကြက်သားမှုန့်   –   ၁ ဇွန်း

►     မှိုဟင်းချို ချက်ပြုတ်ပုံအညွှန်း

၁။      ရေသန့် (၁) လီတာတွင် ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့် (၁) ဇွန်းတို့ဖြင့် ဝက်ပေါင်သားကို (၁ဝ) မိနစ်ခန့် ပြုတ်ပါ။

၂။      ဟင်းချိုဆူလျှင် သန့်စင်ထားသော ရှီမီဂျီမှိုဖြူကို ထည့်ပါ။

၃။      ထို့နောက် သံပရာသီး အနည်းငယ်ညှစ်၍ စားသုံးနိုင်ပါသည်။

www.facebook.com/Sunny Angelo

Facebook Comments