ဝက်သားဟင်းလေးချက် (မန္တလေး)

ဝက်သားဟင်းလေးချက် (မန္တလေး)

            မန္တလေးနယ်ဘက်က အလှူတွေမှာ ဝက်သားဟင်းလေးချက်ဟာ အလှူပွဲတွေမှာ ကျွေးလေ့ကျွးထရှိတဲ့ နာမည်ကြီးဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ အရောင်အဆင်းကတော့ သရက်သီးခြောက်၊ ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်တို့ ထည့်ထားတာမို့ ခပ်မည်းမည်း ဖြစ်နေပါတယ်နော်။ အရသာကတော့ ချဉ်ချဉ်ဖန်ဖန်လေးနဲ့ စားလို့ အလွန်ကောင်းပါတယ်။ ဗိုက်ဆာဆာနဲ့ ထမင်းပူပူပေါ်မှာ ပုံစားလိုက်ရရင်ဖြင့် တစ်ပွဲနဲ့လည်း မရပ်နိုင် နှစ်ပွဲနဲ့လည်း မရပ်နိုင်မယ့် ဟင်းအမယ်တစ်မျိုးပါ။ ဒီနည်းလေးကိုတော့ ကိုယ့်ထက် အစ်မဝမ်းကွဲ ကျွန်မရဲ့ ယောက်းမကြီး မန္တလာသူစစ်စစ်က နည်းရော၊ ချက်စရာ အမယ်အခြောက်အခြမ်းတွေရော တကူးတက ပို့ပေးလိုက်ပြီး ကူညီပေးခဲ့တာပါ။ အတိုင်းအတာတွေကိုလဲ သူတို့ပေးတဲ့အတိုင်းပဲ ရေးပေးလိုက်ပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   ဝက်သား   –   ၁ ပိဿာ

♦   ဆီ   –   ၃ဝ ကျပ်သား

♦   သရက်သီးခြောက်   –   ၅ ကျပ်သား

♦   သစ်ကြံပိုး (သို့) ကရဝေးအမှုန့်   –   ၅ ကျပ်သား

♦   ဆီးဖြူသီး   –   ၂ ကျပ်ခွဲသား

♦   ဖန်ခါးသီး   –   ၁ မတ်သား

♦   မက်လင်ခြောက် (ပရဆေးဆိုင်မှာရနိုင်)   –   ၅ မတ်သား

♦   မရမ်းသီးခြောက်   –   ၅ မတ်သား

♦   မဆလာ   –   ၂ ဇွန်း (အချိုစားဇွန်း)

♦   ငါးပိ (ရေဖျော်ထား)   –   ၁ဝ သား

♦   အရသာမှုန့်   –   ၅ ကျပ်သား

♦   ဆား   –   အနည်းငယ်

♦   ကြက်သွန်နီ   –   ၁ဝ သား

♦   ချင်း/ကြက်သွန်ဖြူ   –   ၅ ကျပ်သားစီ

►   ချက်ပြုတ်နည်း

၁။        ဝက်သားကို ငါးကျပ်သားတုံးလောက် ဦးစွာတုံးပြီး နနွင်း၊ ဆား၊ အရသာမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။

၂။        ဆီပူမှာထည့်ကာ ဝက်သားအပေါ်ယံ တောင့်တင်းလာသည်အထိ ကျော်ပြီး စစ်ထားပါ။ အေးလာလျှင် အသေးတုံးလေးများ ပြန်တုံးပေးထားပါ။

၃။        သရက်သီး၊ ဆီးဖြူသီး၊ မရမ်းသီးခြောက်များကို တစ်ရည်ပြုတ်ပြီး စစ်ကာ ညက်အောင် ထောင်းထားပါ။

၎။        ကြက်သွန်နီ၊ ဖြူ၊ ချင်း စသည်တို့ကို ထောင်းထားပြီး ဆီသတ်ကာ သရက်သီး၊ ဆီးဖြူ၊ မရမ်းထောင်းထားတာများ ထည့်မွှေပါ။ ကျန် အဆာပလာများပါ ထည့်ချက်ပေးပါ။ မွှေးပြီး ကျက်လာရင် ဝက်သားကျော်ရောမွှေပြီး နူးလာသည်အထိ ရေအနည်းငယ်စီထည့်ကာ တည်ပေးပါ။

၅။        အသားနူးပြီဆိုရင် အပေါ့အငန် မြည်းပြီး ဖိုပေါ်က ချလို့ရပါပြီ။

၆။        ဒါကတော့ မန္တလေးနယ်ဘက်က အလှူများက ဝက်သားဟင်းချက်နည်းလေးပါ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments