လွယ်ကူလျင်မြန်ဝေဖာ (Quick Waffles)

by Syi Lwin Food Garden for Food Magazine

အဆာပြေအစားအစာတွေထဲမှာ ဝေဖာကို သကာရည်၊ အသားပြားကြော်၊ အသီးအနှံ၊ ကြက်ဥကြော်တို့နှင့် အတူတွဲစားပြီး မည်သည့်အချိန်မဆို စားရတာအဆင်ပြေသော အစားအစာဖြစ်ပါတယ်။ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး (ခလောက်ထားပါ)

နွားနို့  –  ၁  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ထောပတ်ရည်  –  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

(သို့)

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း (ထောပတ်ရည်အစား ထည့်နိုင်ပါတယ်)

ဂျုံနု  –  ၂ ခွက်  (မုန့်လုပ်ရန် တိုင်းသောခွက်)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဘေကင်ပေါင်ဒါ  –  စားပွဲဇွန်း ၁ ဇွန်း

သကြား (သို့) ပျားရည်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံအကြီးထဲမှာ ကြက်ဥကို နာနာခလောက်ပါ။ ပြီးလျှင် နွားနို့နှင့် ထောပတ်ရည် (ဆီ) ထည့်ပြီး အားလုံးသေချာရောအောင် ခလောက်ပါ။ နောက်ဖန်ဇလုံတစ်လုံးထဲ ကျန်ပစ္စည်းများ ထည့်ပြီး အားလုံးသေချာရောအောင် မွှေပါ။ ပြီးလျှင် ကြက်ဥ အနှစ်ရည်ထည့်ရောပါ။ ခလောက်တံဖြင့် သေချာမုန့်နှစ်များ ချောမွေ့အောင် ကြာကြာလေး သေချာခလောက်ပေးပါ။

၂။       Waffle စက်ကို ဖွင့်ထားပါ။ အပူချိန်တက်လျှင် မုန့်အနှစ်များတင်ပြီး ကိုယ့်စိတ်ကြိုက် စက်မှာ အပူချိန်အကြွပ်အနေအထားချိန်ပြီး စိတ်တိုင်းကျ ပြုလုပ်နိုင်ပါတယ်။

၃။       Waffle ကို ခရင်မ်၊ ကြိုက်နှစ်သက်ရာ အသီး၊ သကာရည်များဖြင့်အတူ သုံးစွဲနိုင်ပါတယ်။

Facebook Comments