
16 - October - 2017
လယ်ပုစွန်လုံး (သို့) ကဏန်းလုံးဟင်း
By Htet Family’s Creation for Food Magazine
လယ်ပုစွန်လုံးလေးတွေကို ခပ်ခြောက်ခြောက်စပ်စပ်လေး ချက်ထားတဲ့ သဘောပါ။ လတ်လတ်ဆတ်ဆတ်ရတဲ့ ကဏန်းလုံးလေးတွေကို ငရုတ်သီးအကြမ်းဖတ်နဲ့ ဖိုသီဖတ်သီ ချက်တယ်ဆိုပါစို့။ ပုသိမ်ကိုအသွား၊ လမ်းမှာ အိမ်မဲဝင်၊ နယ်သူ၊ နယ်သားတွေကို ပူဆာပြီး ယူလာတဲ့ ကဏန်းလုံးလေးတွေပါ။ ချက်မယ်နော်။
ပါဝင်ပစ္စည်းများ
ကဏန်းလုံး – ၂၀ ခန့်
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၆ မြွှာ
စပါးလင် – ၁ ချောင်း
ငရုတ်သီးအကြမ်းဖတ် – စားပွဲဇွန်း ၄ ဇွန်း
အရောင်တင် – စားပွဲဇွန်း ၂ ဇွန်း
နနွင်း – အချိုဇွန်း ၁ ဇွန်း
အချိုမှုန့် (သို့) ငါးအသားမှုန့် – အချိုဇွန်း ၁ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
နံနံပင် – အနည်းငယ်
ဆား – အနည်းငယ်
မဆလာ – အနည်းငယ်
ပြုလုပ်နည်း
၁။ ကဏန်းလေးတွေကို ပုံပါအတိုင်း အခွံများနွှာလိုက်ပါတယ်။ ပါးဟက်တွေနဲ့ အညစ်အကြေးတို့ကို ထုတ်ပစ်လိုက်ပါတယ်။ ကဏန်းအဆီလေးတွေ နီနီရဲရဲ ထွက်လာမယ်။ ခွက်တစ်ခွက်ထဲ ဖယ်ထားလိုက်ပါ။ နောက်တစ်ခါ သုံးလို့ရအောင်ပါ။
၂။ သန့်စင်ပြီးသား ကဏန်းတွေကို ဇလုံတစ်လုံးထဲ ထည့်၊ ဆားနဲ့ နနွင်း ထည့်ပြီးခလောက်ထားလိုက်ပါတယ်။
၃။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါ။ စပါးလင်ကိုထုပြီး ထုံးထားလိုက်ပါ။
၎။ ကြက်သွန်တွေနဲ့ စပါးလင်ကို အရောင်တင်မှုန့်၊ ဆား၊ ငရုတ်သီးအကြမ်း၊ နနွင်းတို့နဲ့ ဆီပူပူမှာ ဆီသတ်ပေးပါ။ ကြက်သွန်ကြွပ်လာရင် ကဏန်လုံးများထည့်ပေးပါ။ ငါး အသားမှုန့်၊ ငံပြာရည်ထည့်ပါ။ ကဏန်းမှ ထွက်လာတဲ့ အရည်လေးခန်းပြီး ခပ်ခြောက်ခြောက်ဖြစ်လာမှ မဆလာလေးအုပ်၊ နံနံပင်လေးအုပ်ပြီးရင် ရပါပြီ။
၅။ ကဏန်းတွေက ကြွပ်ကြွပ်လေးနဲ့ ဒီအတိုင်းဝါးစားလို့ရ နေပါပြီ။ ထမင်းပူပူနဲ့ စားလိုက်ရင်ဖြင့် အလွန်အရသာရှိတဲ့ လယ်ပုစွန်လုံး (သို့) ကဏန်းလုံး စပ်စပ်မွှေးမွှေး ဟင်းလေးပါ။
http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet