ရှီရှားမိုငါး ကြက်ဥကပ်ကြော်နှင့် သီးရွက်စုံခရင်မ်ဆော့စ် (Shishamo Tempura & Creamy Vegetables)

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဂျပန်အစားအစာပြင်ဆင်နည်းနဲ့ ဥရောပအစားအစာပြင်ဆင်နည်း နှစ်မျိုးကို ရောစပ်ပြင်ဆင်ထားတဲ့ “ရှီရှားမိုငါး ကြက်ဥကပ်ကြော်နှင့် သီးရွက်စုံခရင်မ်ဆော့စ်” လေးပါပဲ။ ရှီရှားမို ငါးဆိုတာ ပင်လယ်ငါးလေးတစ်မျိုးပါ။ အများအားဖြင့် ဂျပန်အစားအစာအနေနဲ့ ပြင်ဆင်သုံးဆောင်ကြပါတယ်။ အာဟာရဓာတ်ပြည့်ဝသလို အရသာလည်း အလွန်ကောင်းပါတယ်။ ထူးခြားတာက တန်ပူရာအနှစ်ကို ကြက်ဥအကာနဲ့ ပြင်ဆင်ထားပြီး ကြက်ဥအနှစ်ကိုတော့ မရောနိစ်ဆော့စ် အနည်းငယ်နဲ့ရောစပ်ပြီး မီးသင်းထားပါတယ်။ တွဲဖက်ထားတဲ့ ဖရုံသခွားသီးနဲ့ ရှိုင်ဂျီမှိုပွင့်ကြီးကိုတော့ ဟင်းချက်ခရင်မ်လေးနဲ့ ဆိမ့်ဆိမ့်လေး ပြင်ဆင်ထားပါတယ်။ ကဲ… အရသာထူးတဲ့ ရှီရှားမိုငါး ကြက်ဥကပ်ကြော်နဲ့ သီးရွက်စုံ ခရင်မ်ဆော့စ်လေး ချက်ကြည့်ကြရအောင်။ OK…

ရှီရှားမိုငါးကြက်ဥကပ်ကြော်

ပါဝင်ပစ္စည်းများ

ရှီရှားမိုငါး  –  ၈ ကောင်

ကြက်ဥ  –  ၂ လုံး (အကာ/အနှစ် ခွဲထားပါ)

ဂျုံမှုန့်  –  ၅ ဇွန်း

ပဲဆီသန့်  –  ၂၅ ကျပ်သား (ရှီရှားမိုငါးကြော်ရန်)

မရောနိစ်  –  ၂ ဇွန်း

ပါမီဆန်ချိစ်အမှုန့်  –  အနည်းငယ်

ပရုတ်သံပရိုရွက်  –  အနည်းငယ်

သံပရိုသီး  –  ၁ စိတ်

ချက်ပြုတ်ပုံ

၁။       ကြက်ဥ ၂ လုံးကို အကာထုတ်ပြီး အနှစ်ပျစ်လာသည်အထိ မွှေထားပါ။

၂။       ဒယ်အိုးမှာ ပဲဆီသန့်ကို အပူပေးထားပါ။

၃။       သန့်စင်ထားသော ရှီရှားမိုငါးကို ဂျုံမှုန့်အနည်းငယ်ကပ်ပြီး အသင့်အနှစ်ပျစ်အောင် မွှေထားသော ကြက်ဥအကာမှာ နှစ်ပြီးကြော်ပါ။

၎။       အသင့်ကြော်ပြီးသော ရှီရှားမိုငါးကို ဆီစစ်ပြီး ပန်းကန်ထဲထည့်ပါ။

၅။       ကြက်ဥအနှစ်နှင့် မရောနိစ်ကိုရောမွှေပြီး အသင့်ကြော်ထားသော ရှီရှားမိုငါးအပေါ် အုပ်၍ ချက်ဒါချိစ်၊ ပါမီဆန်ချိစ်အနည်းငယ်ထည့်ကာ ဂက်စ်ဂန်းမီးဖြင့် ချိစ်များ ပျော်သွား အောင် အပူပေးပြီး ပရုတ်သံပရိုရွက်၊ သံပရိုးသီးတို့နှင့် အလှဆင်၍ တည်ခင်းပါ။

သီးရွက်စုံခရင်မ်ဆော့စ်

ပါဝင်ပစ္စည်းများ

ဖရုံသခွားသီး  –  ၁ လုံး

ကညွတ်  –  ၅ ချောင်း

ရှိုင်ဂျီမှို  –  ၂ ပွင့်

ကြက်သွန်ဖြူ  –  ၂ မြွှာ

ပတဲကော  –  အနည်းငယ်

သံလွင်ဆီ  –  ၁ ဇွန်း

ဟင်းချက်ခရင်မ်  –  ၂၀ဝ မီလီမီတာ

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပရုတ်သံပရိုရွက်  –  အနည်းငယ်

ပါမီဆန်ချိစ်အမှုန့်  –  အနည်းငယ်

ချက်ပြုတ်ပုံ

၁။       ဖရုံသခွားသီးကို လက်ချောင်းပုံစံလှီး၍ ကညွတ်ကို အမျှင်နွှာပြီး ၂ လက်မခန့် အရှည်လှီးကာ ဆားရေခဲရည်မှာ စိမ်ထားပါ။

၂။       ရှိုင်ဂျီမှိုကို အကွင်းလိုက်လှီးထားပါ။

၃။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ပတဲကောအနည်းငယ်ကို အခွံနွှာ၍ ပါးပါးလှီးထားပါ။

၎။       ဒယ်အိုးမှာ သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အသင့်လှီးထားသော ကြက်သွန်ဖြူနှင့် ပတဲကောကို ဆီသတ်ပါ။

၅။       ကြက်သွန်ဖြူမွှေးလာလျှင် ဟင်းချက်ခရင်မ်ထည့်ချက်ပြီး အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိ၍ အသင့်လှီးပြီး ရေခဲရေစိမ်ထားသော သီးရွက်စုံနှင့် မှိုကို ထည့်ချက်ပါ။

၆။       သီးရွက်စုံနူးလျှင် ပါမီဆန်ချိစ်အမှုန့်၊ ပရုတ်သံပရိုရွက်အနည်းငယ်တို့ဖြင့် တည်ခင်းပါ။

Facebook Comments