ရှမ်းပဲပုပ်ပီဇာ (Shan Spicy Dry Bean Paste Fusion Pizza)

by Sofia for Food Magazine

          မြန်မာတစ်ယောက်အနေနဲ့ နေ့စဉ်ရက်ဆက် ပီဇာစားနိုင်ဖို့ဆိုတာ အလွန်နှစ်သက်သူဖြစ်မှသာ စားနိုင်မယ်လို့ထင်ပါတယ်။ ဒါကြောင့် အနောက်တိုင်းအစားအစာတွေကို အရှေ့တိုင်းပုံစံနဲ့ရောလို့ မိမိစိတ်ကြိုက်အရော fusion ပုံစံလေးလုပ်စားဖို့ အတွေးပေါ်လာလို့ လုပ်စားဖြစ်တဲ့ ပီဇာလေးဖြစ်ပါတယ်။ ရှမ်းပဲပုပ်နှစ်သက်သူများအတွက် အရသာသစ်နဲ့ ပီဇာလေး လုပ်စားကြည့်ရအောင်နော်။

ပီဇာဂျုံနယ်ရန်

ဂျုံ  –  ၁ ကီလို

Yeast  –  ၄ ဂရမ်

သကြား  –  ၂၀ ဂရမ်

ဆား  –  ၂၀ ဂရမ်

နွားနို့  –  ၂၅ မီလီလီတာ

သံလွင်ဆီ  –  ၄၀ မီလီလီတာ

ရေခဲ  –  ၈၀ ဂရမ်

ရေ  –  ၄၂၀ မီလီလီတာ

**      ဂျုံ ၁ ကီလိုလုပ်လျှင် ၇ လက်မအရွယ် ပုံပါ ဆိုဒ် ၁၆ ခု ရပါတယ်။ အိမ်စားရန်အတွက်အနေဖြင့် မိမိပြုလုပ်မည့်အပေါ် ချိန်ဆပြုလုပ်ပါ။

ပီဇာဂျုံပြုလုပ်နည်း

၁။       ဂျုံနှင့် Yeast ကို သမအောင် မွှေပါ။

၂။       ကျန်ပါဝင်ပစ္စည်းအားလုံး ရောပြီး ရေခဲ၊ ဆား၊ သကြားပျော်အောင် မွှေပြီးပါက ဂျုံနှင့် Yeast အရောထဲ ထည့်၍နယ်ပါ။

၃။       ဂျုံသားပြောင်ချောလာသည်အထိ နယ်ပေးပါ။ ပြီးလျှင် ၁၀ဝ ဂရမ်ဆိုဒ် အလုံးလေးများလုံး၍ ဆီသုတ်ပြီး ဂျုံဖြူးထားသော ဗန်းထဲ ၂ လက်မလောက် ခြား၍ စီထည့်ပါ။ ပြီးလျှင် ပလတ်စတစ် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။

၎။       ပီဇာမလုပ်ခင် ၁ ရက် (သို့) နေ့ဝက်လောက် ကြိုလုပ်ထားရင် လက်နဲ့ဖြန့်ရတာ ပိုပြီး အဆင်ပြေပါတယ်။ ၁ ရက်တည်းနဲ့ မကုန်ရင်လည်း ဂျုံကို ရေခဲသေတ္တာထဲမှာ ၃ ရက်ခန့် အထားခံပါတယ်။

*        ရက်ရှည်ထားဖို့မဟုတ်ဘဲ ပြုလုပ်လိုပါက ရေခဲအစား ရိုးရိုးရေကိုလည်း အသုံးပြုနိုင်ပါတယ်။

*        ရေခဲထည့်ခြင်းဖြင့် ဂျုံနယ်စဉ် ထွက်လာသော အပူချိန်ကြောင့် အပွအနေအထားကို ထိန်းပေးဖို့အတွက် ဖြစ်ပါတယ်။

ရှမ်းပဲပုပ်ပီဇာ (တစ်ချပ်စာ)

ဂျုံ  –  ၁ လုံး

ပဲပုပ်ချက်  –  ၁ ပန်းကန်

ငရုတ်ပွ  –  ၁ ခြမ်း

ခရမ်းချဉ်သီး  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

ချိစ်  –  ၁ ခွက်

ငရုတ်သီး  –  ၂ တောင့်

ပီဇာပြုလုပ်နည်း

၁။       နှပ်ထားပြီးသား ဂျုံကို ဂျုံမှုန့်ဖြူး၍ ဖြန့်ပြီး ဆီသုတ်ထားသော ဗန်း (သို့) ဆန်ခါပေါ် တင်ပါ။

၂။       ပဲပုပ်ချက်ဟင်းအနှစ်ကို ဘေးအနား ၂ စိတ်လောက် ချန်ပြီး လူးပေးပါ။

၃။       အပေါ်မှာ ထည့်လိုသောသီးနှံတင်ပါ။ (ငရုတ်ပွ၊ ခရမ်းချဉ်သီး ထည့်ထားပါတယ်။) အပေါ်မှာ Cheese ဖြူးပါ။

*        ချိစ်ကိုတော့ Mozzarella Cheese ကို သုံးပါတယ်။

၎။       Oven မှာ အပေါ် ၂၈၀ ဒီဂရီ၊ အောက် ၂၀ဝ ဒီဂရီ မီးဖြင့် ၅ မိနစ်၊ ၆ မိနစ်ခန့် ဖုတ်၍ မုန့်အရောင်ရပြီး မုန့်သားကျက်ပါက လှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

Facebook Comments