ရှမ်းတိုဟူး နှစ်ပြန်ကြော်နှင့် မန်ကျည်းရွက်သုပ် (Double Fried Shan Tofu with Spicy Tamarind Leave Salad)

by Syi Lwin Foods Garden for Food Magazine

          ဒီဇင်ဘာလက မနက်နဲ့ ည အေးပေမယ့် နေ့လယ်နေ့ခင်း ပူပြင်းတဲ့အချိန်အခါမှာတော့ အဆာပြေပဲဖြစ်စေ၊ နေ့လယ်စာအတွက်ပဲဖြစ်စေ ချဉ်ငန်စပ်လေးဆိုရင် ကြားရုံနဲ့တင် သွားရည်ကျလို့ ထမင်းဖြူပူပူလေးဖြင့် အတူစားလိုက်ရရင်ဆိုတဲ့ အတွေးက လူတိုင်းကို ဖြစ်ပေါ်စေပါတယ်။ ယခုအချိန်ရာသီလေးမှာ ချဉ်စပ်မန်ကျည်းရွက်နဲ့ တိုဟူးနှစ်ပြန်ကြော် ကြွပ်ကြွပ်ရွရွဖြင့် ရောနှောသုပ်ကို အားလုံးပဲ သုပ်စားလို့ရအောင် မျှဝေပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

မန်ကျည်းရွက်  –  ၁ ခွက် (ရေဆေးပြီး အရွက်များ ခြွေထားပါ)

ရှမ်းတိုဟူး  –  ၂၀ ကျပ်သား (အနေတော် လက် ၄ လုံးအရွယ်များ လှီးထားပါ)

ကြက်သွန်ကြော်  –  လိုသလောက် (အသုပ်အပေါ်မှ ဖြူးရန်)

ဆား  –  အနည်းငယ်

မြေပဲဆန်  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း (အနည်းငယ်ကြေရုံ ထောင်းထားပါ)

အသီးအရွက်ဆီ  –  လိုသလောက် (တိုဟူးကြော်ရန်)

ငရုတ်သီးစိမ်း  –  ၅-၈ တောင့် (ခပ်ပါးပါးအကွင်းများ လှီးထားပါ)

အသုပ်ဆီချက်လုပ်ရန်

နေကြာဆီ  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း (ကိုယ့်စိတ်ကြိုက် အတိုးအလျှော့လုပ်ပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း  ၁ ဇွန်း

ငံပြာရည်  –  လက်ဖက် ဇွန်း ၂  ၁/၂ ဇွန်း

ကြက်သွန်ဖြူ  –  ၅ မြွှာ (ခပ်ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

၁။       ဒယ်အိုးထဲ ဆီပူအောင် တည်ပါ။ ဆီပူလျှင် လှီးထားသော တိုဟူးများကို ကြွပ်ရွနေအောင် ကြော်ပါ။ နှစ်ဖက်စလုံး အရောင်အညီ ကြော်ပါ။ ဆီစစ်ပြီး အအေးခံထားပါ။ အေးလျှင် အချောင်းလေးများ လှီးထားပါ။

၂။       ဒယ်အိုးထဲ ဆီချက်လုပ်ရန် ဆီအပူပေးပါ။ ဆီပူလျှင် နနွင်းမှုန့်နှင့် ကြက်သွန်ဖြူတို့ကို ထည့်တည်ပါ။ ကြက်သွန်ဖြူ အနည်းငယ် ရွှေရောင်သန်းလာလျှင် တခြားပါဝင် ပစ္စည်းများအားလုံး ထည့်ပြီး ဆီသတ်ပါ။ မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။

၃။       ဖန်ဇလုံအကြီးထဲ မန်ကျည်းရွက်၊ တိုဟူးနှင့် ကျန်ပါဝင်ပစ္စည်းများကို ကိုယ့်စိတ်ကြိုက် အရသာအတိုင်း ထည့်ပြီး နှံ့အောင်နယ်ပါ။ ဆား မြည်းပါ။ အပေါ့အငန်၊ အချဉ်၊ အစပ် ကိုယ့်စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားပါ။ ထမင်းနှင့် သုံးဆောင်လျှင်လည်း ထမင်းမြိန်စေပါတယ်။

Facebook Comments