ရခိုင်မုန့်တီ

by Ko Thit Htoo for Food Magazine

          ကျောက်ဖြူဘက်ရောက်မှ ချက်နည်းလေးသေသေချာချာမေးပြီး ပြန်ချက်ပြရတဲ့ မုန့်တီဖြစ်ပါတယ်။ ကျွန်တော့်အကျင့်အတိုင်း Flavor လေးပါအောင် ငါးရွှေကျပ်တိုက်လေး၊ နံနံပင်အမြစ်လေးပါ ထည့်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ (မုန့်အချိန် ၅၀ ကျပ်သားအတွက်)

ငါးရွှေ  –  ၃၀ ကျပ်သား

ငါးရွှေကျပ်တိုက်  –  ၁၀ ကျပ်သား

ရခိုင်မျှင်ငါးပိ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

နံနံပင်အမြစ်  –  ၅ ခု

ငရုတ်ကောင်းအမည်း  –  ၃၀ စေ့ (လှော်ထောင်းပြီး)

ပြုလုပ်နည်း

၁။       စိမ်းစားငါးပိကို ရေ ၅ လီတာနဲ့ ဆူပွက်အောင်တည်၍ သန့်စင်ထားသော ငါးရွှေနှင့် ငံပြာရည်ထည့်ပြီး နူးသည်အထိ ပြုတ်ပါ။

၂။       ငါးနူးလျှင် ဆယ်ယူပြီး အအေးခံထားပါ။ ငါးပြုတ်ရည်ကို ဆန်ခါနဲ့ စစ်ပြီး အနယ်များ ဖယ်ထုတ်ပါ။  စစ်ပြီးသား ပြုတ်ရည်မှာ ငါးရွှေကျပ်တိုက်ထည့်ပြီး ပြုတ်ပါ။ အသားပွပြီး အရည်မွှေးလာလျှင် အသားဖတ်ကို ဆယ်ယူပြီး အအေးခံထားပါ။ ပထမနည်းအတိုင်း အနယ်များစစ်ပြီး ဖယ်ထုတ်ပါ။

၃။       ငါးအသား ၂ မျိုးစလုံးကို အရိုးနွှင်ပြီး စစ်ပြီးသား ငါးပြုတ်ရည်မှာ ထည့်တည်ပါ။ နံနံပင်အမြစ်များ ထုထည့်ပေးပြီး ငရုတ်ကောင်းလှော်ထောင်းပြီးသားများ ထည့်ပြုတ်ပါ။ ဟင်းရည်ဆူလျှင် မုန့်တီအတွက် ဟင်းရည်ရပါပြီ။ ဟင်းရည်ခန်းလျှင် ရေနွေးရောပေးပါ။

အစပ်ချဉ် အရောအနှောအတွက်

မိုးမျှော်ငရုတ်သီးစိမ်း  –  ၂၀ တောင့်

ကြက်သွန်ဖြူ  –  ၁၀ မြွှာ

မန်ကျည်းမှည့်ရည်  –  ၂၀ဝ မီလီလီတာ (အဖတ်စစ်ထုတ်ပြီး)

ပြုလုပ်နည်း

          ငရုတ်သီးတောင့်များနှင့် ကြက်သွန်ဖြူတို့ကို မီးပြင်းပြင်းမှာ လှော်ပြီး မညက်တညက် ထောင်းပါ။ မန်ကျည်းမှည့်ရည်မှာရောပြီး ဆားအနည်းငယ်ခတ်၍ ပြင်ဆင်ထားပါ။ မုန့်ပွဲကို မုန့်ဖတ်၊ အကြော်၊ ငါးဖယ်ကြော်၊ နံနံပင်တို့နှင့် ပြင်ဆင်ပြီး ဟင်းရည်၊ အစပ်ချဉ်တို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Facebook Comments