ယိုးဒယားကြက်ပြောင်းဖူးကြော် (Stir Fried Chicken with Baby Corn)

by Sofia for Food Magazine

          လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ဆိုဖီယာကတော့ အခုကြော် အခုစားတဲ့ အကြော်ဟင်းတွေကို ပိုနှစ်သက်ပါတယ်။ အချိန်ကုန်သက်သာပြီး ထမင်းလည်း မြိန်ပါတယ်။ အလုပ်ကပြန်လာမှ ချက်ပြုတ်ရတဲ့ အိမ်ရှင်မများလည်း နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁၅၀ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး

ပြောင်းဖူး  –  ၁ ထုပ်

ကြက်သွန်မြိတ်  –  ၂ ပင်

ငရုတ်သီးခြောက်  –  ၄ တောင့်

ယိုးဒယားငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  ၁ ဇွန်း

ပဲငံပြာရည် အနောက်  –  အနည်းငယ် (ထည့်လိုက ထည့်နိုင်)

ဟင်းခတ်မှုန့်/သကြား  –  ၁ ဇွန်း

ကြက်ပြုတ်ရည်/ရေ  –  အနည်းငယ်

ဆီ  –  ၃ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သားကို သေးသေးစိတ်၍ ကြက်သွန်ကို အမြှောင်းကြီးစိတ်ပြီး ခြွေထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ ပြောင်းဖူးကို ခပ်ထူထူစောင်းစောင်း  လှီးဖြတ်ထားပါ။

၂။       အားလုံးအသင့်ဖြစ်ပါက အိုးကို အပူပေးပြီး ဆီထည့်ပါ။

၃။       ဆီပူပါက ငရုတ်သီးခြောက်ကို ကြော်ပြီး ကျွမ်းပါက ဆယ်ယူ၍ ဘေးဖယ်ထားပါ။

၎။       ပြီးလျှင် ကြက်သား၊ ကြက်သွန်နီ၊ ပြောင်းဖူးတို့ကို တစ်ပြိုင်တည်း မီးပြင်းဖြင့် ထည့်ကြော်ပါ။

၅။       ကြက်သားအရောင်ပြောင်းပါက ယိုးဒယားငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်နှင့် သကြားတို့ကိုထည့်ပြီး သမအောင် မွှေပါ။ ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပါ။ အရောင် လိုချင်ပါက အနောက်ရည် အနည်းငယ်ထည့်နိုင်ပါတယ်။

၆။       ကြက်သားကျက်ပါက အရသာအပေါ့အငန်မြည်းပြီး ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်ကြော် ထည့်မွှေ၍ ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments