ယိုးဒယားဆေးငုံးဥသုပ်

by Sofia for Food Magazine

          ဆေးဘဲဥ၊ ငုံးဥကို ပုံစံမျိုးစုံလုပ်စားကြတဲ့အထဲက ယိုးဒယားပုံစံသုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ အဆာပြေစားနိုင်သလို ဟင်းတစ်ခွက်အနေနဲ့လည်း တည်ခင်းနိုင်ပါတယ်။ နေရာအတော်များများမှာတော့ ဆေးဘဲဥသာ တွေ့ရများပြီး ရှမ်းပြည်နယ်မှာ ဆေးငုံးဥလေးတွေ့တော့ အထူးအဆန်းမို့ ဝယ်လာခဲ့ပြီး သုပ်စားဖြစ်တာပါ။ သုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဆေးဘဲဥ/ငုံးဥ  –  ၃ လုံး/၁၀ လုံး

ကြက်သွန်နီ  –  ၁ လုံး

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်မြိတ်  –  ၂ ပင်

တရုတ်နံနံ  –  ၂ ပင်

ငရုတ်သီးစိမ်း  –  ၅ တောင့်

ကြက်သွန်ဖြူ  –  ၁ မြှောင်း (ကြီးကြီး)

ယိုးဒယားငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

သံပရာရည်  –  ၁ ဇွန်း

အချိုမှုန့်သကြားအရော  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ ဆေးဘဲဥ (သို့) ငုံးဥကို ရေစိမ်၍ အပြင်အခွံများ ဆေးပြီး ခွာထားပါ။ ရေနွေးပွက်ပွက်ဆူမှာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပြုတ်ထားပါ။

၂။       ပါဝင်ပစ္စည်းများမှ ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ကို နုပ်နုပ်စိတ်ထားပါ။ ခရမ်းချဉ်သီးကို အမြှောင်းလှီးဖြတ်ထားပြီး အားလုံးကို ပန်းကန်တစ်ချပ်ထဲ ထည့်ထားပါ။

၃။       ပြင်ဆင်လှီးဖြတ်ထားသည်တို့ကို အိုးထဲထည့်၍ ယိုးဒယားငံပြာရည်၊ အချိုမှုန့်သကြားရောနှင့် သံပရာရည်တို့ကိုထည့်ပြီး သမအောင် မွှေပါ။ အရသာချို၊ ချဉ်၊ ငန်၊ စပ်ရပါက ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။ အရောင် အနည်းငယ်လိုချင်ပါက ငရုတ်ချဉ် ထည့်နိုင်ပါတယ်။

*        အသုပ်များကို သုပ်လျှင် သံပရာရည်ကို နောက်ဆုံးမှ ထည့်ပါ။

Facebook Comments