ယိုးဒယားထမင်းကြွပ်ကြော်သုပ်  (Thai Crispy Rice Salad)

by Sofia for Food Magazine

          ယိုးဒယားထမင်းကြွပ်ကြော်သုပ်လေးက ပြုလုပ်ရလွယ်ကူပြီး အရသာထူးခြားတဲ့ မြန်မာအကြိုက်ဖြစ်စေမယ့် အသုပ်တစ်မျိုးဖြစ်ပါတယ်။ သုပ်စားကြည့်ရအောင်နော်။

ထမင်းကြွပ်ကြော်ရန် ပါဝင်ပစ္စည်းများ

ထမင်းဖြူ  –  ၂ ပွဲ

အနီရောင်ဟင်းချက်အနှစ်  –  ၂ ဇွန်း

အုန်းသီးဆံ  –  ၅ ဇွန်း

ရှောက်ခါးရွက်  –  ၂ ရွက်

ငံပြာရည်  –  ၃ ဇွန်း

သကြား  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

ဆန်မှုန့်  –  အနည်းငယ်

ရေ  –  အနည်းငယ်

ဆီ  –  ကြော်ရန်

အသုပ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ငါးချဉ်/ပုစွန်ချဉ်  –  ၁၀၀ ဂရမ်

ကြက်သွန်နီအသေး  –  ၂ လုံး

ကြက်သွန်မြိတ်  –  ၃ ပင်

ချင်း  –  အနည်းငယ်

နံနံပင်  –  ၂ ပင်

ရှမ်းနံနံ  –  ၃ ပင်

ငရုတ်သီးအလှော်မှုန့်  –  ၁ ဇွန်း

ငံပြာရည်  –  ၂ ဇွန်း

သံပရာသီး  –  ၁ ခြမ်း

မြေပဲလှော်  –  ၃ ဇွန်း

ဆလတ်ရွက်

ပြုလုပ်နည်း

၁။       ဦးစွာ ထမင်းကြွပ်ကြော်ပြုလုပ်ရန်အတွက် ဇလုံတစ်လုံးထဲ ထမင်းဖြူ၊ ဆန်မှုန့်၊ ရေနှင့် ဆီမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး သမအောင် မွှေပါ။

၂။       အားလုံးသမသွားပါက ထမင်းဖြူကိုထည့်ပြီး သမအောင်မွှေပါ။

၃။       ပန်းကန်တစ်ချပ်ထဲ ဆန်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။

၎။       ပြီးလျှင် မီးဖိုပေါ်မှာ ဆီပူအိုးတည်ထားပါ။ ဆီပူလာပါက သမအောင်နယ်ထားသော ထမင်းကို လက်ဖြင့် အဆုပ်အဆုပ်ပြုလုပ်ပြီး အသင့်ဖျော်ထားသော ဆန်မှုန့်ရည်ထဲနှစ်ကာ ဆီပူမှာ ထည့်ကြော်ပါ။

၅။       ထမင်းကြွပ်ကြော်လုံးများအရောင်ရပြီး ကြွပ်လာပါက ဆယ်ယူ၍ ဆီစစ်ထားပါ။

၆။       ထမင်းကြွပ်ကြော်ရပါက အသုပ်ပြုလုပ်ရန်အတွက် လိုအပ်သည်များကို ပြင်ဆင် လှီးဖြတ်ထားပါ။

၇။       ပြီးလျှင် ဇလုံတစ်လုံးထဲ ကြော်ထားသော ထမင်းကြွပ်ကြော်ကို ထည့်ပြီး လက်ဖြင့် ခြေပေးပါ။

၈။       အသင့်ပြင်ဆင်လှီးဖြတ်ထားသည်များကို ထည့်ပါ။ ပြီးလျှင် ငရုတ်သီးမှုန့်၊ ငံပြာရည်၊ သံပရာသီးနှင့် မြေပဲတို့ကို ထည့်ပြီး သမအောင်မွှေ၍ အရသာအပေါ့အငန် မြည်းပြီး ဆလတ်ရွက်နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

Facebook Comments