ယမ်းစိမ်းဓာတ်ဖြင့် တာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများ

by ဒေါက်တာလှကြည် for Food Magazine

          လူတွေဟာ ရှေးပဝေသဏီကာလက အစားအသောက်တွေကို မိမိကိုယ်တိုင် အမဲလိုက်၊ ငါးမျှား၊ ဟင်း ရွက်ခူး စသဖြင့် ရှာဖွေစားသောက်ကြရတဲ့ အချိန်တွေကတည်းက ရှာဖွေရရှိထားတဲ့ အသားတွေ၊ ငါးတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ချက်ချင်းစားလို့ မကုန်တဲ့အခါ နောက်ရက်တွေမှာ စားလို့ရအောင် တာရှည် ခံစေနိုင်တဲ့ နည်းအမျိုးမျိုးနှင့် ပြုပြင်ပြီး သိုလှောင်သိမ်းဆည်းခဲ့ကြပါတယ်။ ရာသီပေါ် အသီးအနှံတွေကို ရာသီမဟုတ်တဲ့အခါမှာပါ စားလို့ရအောင် ပြုပြင်ပြီး သိမ်းဆည်းခဲ့ကြပါတယ်။ အစားအစာတွေကို ရောင်းဝယ်ဖလှယ်ကြတဲ့ခေတ် ရောက်တဲ့အခါမှာတော့  မိမိတို့ရောင်းချတဲ့ အစားအစာတွေကို ကြာကြာခံအောင် တာရှည်ခံစေတဲ့ နည်းတွေကို အသုံးပြုခဲ့ကြပါတယ်။

          အမဲသား၊ ဆတ်သားစတဲ့ အသားအမျိုးမျိုး၊ ငါး၊ ပုစွန်တွေကို သဘာဝနည်းဖြစ်တဲ့ နေလှန်းပြီး အခြောက်ခံ ခြင်း၊ မီးမြှိုက်ပြီး အခြောက်ခံခြင်း၊ ကျပ်ခိုးစင်ပေါ်တင် ထားခြင်း စတဲ့နည်းများနှင့် တာရှည်ခံအောင် ပြုလုပ် သိမ်းဆည်းခဲ့ကြပါတယ်။ ငါးတွေကို ဆားနယ်ခြင်း၊ ငါးပိသိပ်ခြင်း၊ အသီးအရွက်တွေကို ဆားရည်စိမ်ခြင်း၊ အချဉ်ရည်စိမ်ခြင်း၊ ချဉ်ဖတ်ပြုလုပ်ခြင်း၊ အသီးတွေကို သကြား၊ ထန်းလျက်တွေနဲ့ ယိုထိုးခြင်း စတဲ့နည်းတွေကို အသုံးပြုပြီးတော့ တာရှည်စားလို့ရအောင် လုပ်ခဲ့ကြပါတယ်။ စက်မှုခေတ်ရောက်လာတဲ့ အခါမှာတော့ အသား တွေကို စည်သွတ်ကြပါတယ်။ ငါးတွေကို ငါးသေတ္တာပြုလုပ်ကြပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကိုလည်း စည်သွတ်ကြပါတယ်။ နည်းအမျိုးမျိုးနှင့် တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေကို ရောင်းချကြပါတယ်။ အခုအခါမှာတော့ ဆား၊ သကြားနှင့် အချဉ်ရည်လို ပစ္စည်းတွေနေရာမှာ အစားအစာတွေကို တာရှည်ခံစေတဲ့ ဓာတုပစ္စည်းတွေ သုံးလာကြပါတယ်။ ဒီနေ့ ရေးသားတင်ပြမှာက ဓာတုပစ္စည်းတွေကိုသုံးပြီး တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေ အကြောင်း ဖြစ်ပါတယ်။

သဘာဝအစားအသောက်တွေ ဘာကြောင့် ပုပ်သိုး ပျက်စီးကြရသလဲ။

          သဘာဝအစားအစာတွေဖြစ်ကြတဲ့ အသားတွေ၊ ငါးတွေ၊ ပုစွန်တွေ၊ အသီးအရွက်တွေ အချိန်ကြာလာတဲ့ အခါ ပုပ်သိုးပျက်စီးခြင်းရဲ့ အခြေခံသဘောက အစားအစာတွေထဲမှာ ဘက်တီးရီးယား စတဲ့ပိုးတွေ ပေါက်ဖွား၊ ပွားများလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

          ဆားနယ်ထားတဲ့ အသား၊ ဆားနယ်ထားတဲ့ ငါး၊ ဆားရည်စိမ်ထားတဲ့ အသီးတွေထဲမှာ ပုပ်သိုးပျက်စီးစေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားနိုင်၊ မပွားများနိုင်ပါဘူး။ အချဉ်စိမ်ထားတဲ့ အသီးတွေ၊ အရွက်တွေထဲမှာ သကြားတွေ၊ ထန်းလျက်တွေ များများသုံးပြီး ယိုထိုးထားတဲ့ သစ်သီးယိုတွေထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်၊ မပွားများနိုင်ပါဘူး။ မြန်မာထမင်းဆိုင်တွေမှာ ဟင်းတွေမသိုးအောင် ဆီတွေအများကြီး ထည့်ချက်တာဟာလည်း ပုပ်သိုးစေနိုင်တဲ့ ဘက်တီးရီးယား ပိုးတွေ အလွယ်တကူ မပေါက်ဖွားအောင် လုပ်တဲ့နည်းတစ်မျိုးပါပဲ။ နွားနို့ကို အပူပေးပြီး ကျိုတာဟာ တီဘီရောဂါပိုးလို ပိုးတွေကို သတ်ပစ်နိုင်တဲ့အပြင် နို့ကို မချဉ်သွားအောင်လည်း လုပ်ပေးပါတယ်။

          အခုခေတ်မှာတော့ ဝက်အူချောင်း (Sausage)၊ ဝက်ပေါင်ခြောက် (Ham)၊ ဝက်ဆားနယ် (Bacon)၊ ဟော့ဒေါ့ (Hot Dog) စတဲ့ အစားအစာတွေပြုလုပ်ရာမှာ တာရှည်ခံပစ္စည်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာက နိုက်ထရိတ်ဓာတ်ပေါင်းတွေ၊ ဓာတုဗေဒ စကားလုံးအရ ပိုတက်စီယမ်နိုက်ထရိတ် (Potassium Nitrate) ဖြစ်ပြီး မြန်မာလိုတော့ ယမ်းစိမ်းလို့ခေါ်တဲ့ ဓာတုပစ္စည်း တွေဖြစ်ပါတယ်။ ဒီလို ဓာတုပစ္စည်းတွေထည့်ပြီး ပြုပြင်တာဟာလည်း အသားတွေကို ပုပ်သိုးအောင် ဖျက်ဆီးတတ်တဲ့ ဘက်တီးရီးယားပိုးတွေ မပေါက်ဖွား၊ မပွားများနိုင်အောင် တားဆီးကာကွယ်တာပါပဲ။ ဒီဆောင်းပါးမှာ ပိုတက်စီယမ်နိုက်ထရိတ်ဆိုတဲ့ ယမ်းစိမ်းထည့်ထားတဲ့ အစားအသောက်တွေအကြောင်းကို အဓိက ပြောချင်ပါတယ်။

ယမ်းစိမ်းဆိုသည့် ပိုတက်စီယမ်နိုက်ထရိတ်

          မြန်မာတွေ ယမ်းစိမ်းလို့ခေါ်တဲ့ ဓာတ်ပေါင်းရဲ့ ဓာတုဗေဒအမည်က ပိုတက်စီယမ် နိုက်ထရိတ်ဖြစ်ပါတယ်။ ယမ်းမီးခြစ်၊ မီးရှူးမီးပန်း၊ ရှူးဒိုင်း၊ ဗျောက်အိုးကအစ ယမ်းမှုန့်၊ ဒိုင်းနမိုက် စတဲ့ မီးလောင်ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့အတွက် ပိုတက်စီယမ်နိုက်ထရိတ်ဟာ ယမ်းစိမ်းဆိုတဲ့ အမည်ရထားခြင်း ဖြစ်ပါတယ်။ မချက်မပြုတ်၊ မဖုတ်မကင်၊ မကြော်မလှော်ရသေးတဲ့အတွက် စားသုံးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အသား၊ ငါးတွေကို အသားစိမ်း၊ ငါးစိမ်းတွေလို့ပြောသလို မီးလောင်ပေါက်ကွဲဖို့ အဆင်သင့်မဖြစ်သေးတဲ့ ပစ္စည်းမို့ ယမ်းစိမ်းလို့ခေါ်တယ်လို့ ထင်ပါတယ်။

          သူ့မှာ မီးလောင်ပေါက်ကွဲစေနိုင်တဲ့ (ယမ်း) သတ္တိအပြင် အခြားအသုံးကျပုံတွေလည်း ရှိပါသေးတယ်။ အစားအသောက်တွေကို ကြာရှည်ခံအောင် လုပ်ပေးနိုင်ခြင်း၊ ဓာတ်မြေဩဇာပြုလုပ်ရာမှာ အသုံးဝင်ခြင်းတို့ ဖြစ်ပါတယ်။ အသားတွေ၊ ငါးတွေကို ပုပ်သိုးပျက်စီးစေတဲ့ ဘက်တီးရီးယားတွေ မပေါက်ဖွား၊ မပွားများနိုင်အောင် နိုက်ထရိတ်တွေက တားဆီးခြင်းအားဖြင့် အစားအစာတွေ တာရှည်ခံအောင် လုပ်ပေးပါတယ်။ ဆားစိမ်၊ အချဉ်စိမ်ထားတဲ့ အသားတွေဟာ ကြာရှည်ခံပေမယ့် အရောင်မှိုင်းပါတယ်။ ယမ်းစိမ်းအနည်းငယ်ထည့်ထားတဲ့ အမဲသား၊ ဝက်သား၊ ဝက်ပေါက်ခြောက်၊ ဝက်အူချောင်းတွေက အနီရောင်လွင်နေတဲ့အတွက် လူတွေရဲ့ စားချင်စိတ်၊ ဝယ်ချင်စိတ်ကို ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

          အခြေခံသဘောအရ ပိုတက်စီယမ်နိုက်ထရိတ်ဟာ ဓာတ်ဆားတစ်မျိုးသာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ Salt Peter လို့ ခေါ်ပါတယ်။ နိုက်ထရိုဂျင်အက်တမ် (Nitrogen Atom) တစ်လုံးနှင့် အောက်ဆီဂျင် (Oxygen) အက်တမ် သုံးလုံးပါတဲ့ (NO3) ဆိုတဲ့ နိုက်ထရိတ်တွေဟာ လူ့ခန္ဓာကိုယ်ထဲက အစာအိမ်ထဲမှာ၊ အူထဲမှာ နိုက်ထရိုဂျင် တစ်လုံးနှင့် အောက်ဆီဂျင်အက်တမ်နှစ်လုံးပါတဲ့ နိုက်ထရိုက် (NO2) ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ပြောင်းသွားပါတယ်။ နိုက်ထရိုက်ဖြစ်သွားပြီးပြီဆိုလျှင် ကောင်းကျိုးပေးတဲ့ လမ်းရှိသလို ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့လမ်းလည်း ရှိပါတယ်။

ကောင်းကျိုးပေးပုံ

          NO2 ဆိုတဲ့ နိုက်ထရိုက် ဓာတ်ပေါင်းတွေဟာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး အစားအစာတွေ မပျက်စီးအောင် ဟန့်တားနိုင်ပါတယ်။ အထူးသဖြင့် ဘော့ကျူလစ်ဇင် (Botulism) အစာအဆိပ်သင့် ရောဂါပိုးတွေ မပေါက်ဖွားအောင် ဟန့်တားနိုင်ပါတယ်။ အူရောင်ငန်းဖျားဆိုတဲ့ တိုက်ဖိုက် (Typhoid) ရောဂါ၊ အစာအဆိပ်သင့် (Food Poisoning) ရောဂါတွေ ဖြစ်စေနိုင်တဲ့ ဆယ်လမွန်နဲလား (Salmonella) ပိုးတွေ အစာလမ်းကြောင်းမှာ မရှင်သန်၊ မပွားများအောင် ကာကွယ်ပေးရာမှာ အစားအစာတွေထဲမှာပါလာတဲ့ နိုက်ထရိုက်တွေရဲ့ အစွမ်းလည်း ပါတယ်လို့ ယူဆရပါတယ်။ အောက်ဆီဂျင်နှစ်လုံးရှိတဲ့ နိုက်ထရိုက် (NO2) ကနေ အောက်ဆီဂျင်တစ်လုံး ထပ်လျော့သွားလျှင် No ဆိုတဲ့ နိုက်ထရစ် အောက်ဆိုက် (Nitric Oxide) ဓာတ်ပေါင်း ဖြစ်သွားပါတယ်။ နိုက်ထရစ် အောက်ဆိုက်ဟာ လူ့ခန္ဓာကိုယ်ထဲက သွေးကြောငယ်ကလေးတွေရဲ့ နံရံထဲမှာရှိနေတဲ့ ကြွက်သားမျှင်ကလေးတွေကို ဆန့်လာအောင်လုပ် (Relax လုပ်) ပေးခြင်းအားဖြင့် သွေးကြောကလေးတွေကို ကျယ်လာစေပါတယ်။ ဒါဟာ သွေးပေါင်ချိန် (သွေးဖိအား) ကို လျော့စေပါတယ်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ရင်ဘတ်အောင့်တဲ့အခါ ငုံတဲ့ဆေးနဲ့ နှလုံးသွေးကြောကျယ်စေတဲ့ ဆေးတွေမှာ ပါဝင်ပါတယ်။

ဆိုးကျိုးပေးပုံ

          နိုက်ထရိုက်တွေကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတစ်ခုက ယမ်းစိမ်းနှင့် တာရှည်ခံအောင်လုပ်ထားတဲ့ အသားတွေကို အပူပြင်းပြင်းနှင့် ကြော်တဲ့ချက်တဲ့အခါ သူတို့ဟာ အသားတွေမှာပါတဲ့ ပရိုတင်းတွေကဖြစ်လာတဲ့ အမိုင်နိုအက်ဆစ် (Amine ဓာတ်ပေါင်း) တွေနှင့် ဓာတ်ပြုပြီး နိုက်ထရိုဆမင်း (Nitrosamine) ဆိုတဲ့ ဓာတ်ပေါင်းတွေ ဖြစ်လာနိုင်ပါတယ်။ နိုက်ထရိုဆမင်းတွေဟာ ကင်ဆာရောဂါ ဖြစ်လာစေနိုင်စွမ်း ရှိပါတယ်။ ကာစီနိုဂျင်တွေ (Carcinogens) လို့ ခေါ်ပါတယ်။ ယမ်းစိမ်းပါတဲ့ အစားအစာတွေ စားသုံးမှုများသူတွေဟာ ကာလကြာရှည်တဲ့အခါ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် စအိုကင်ဆာ၊ အဆုတ်ကင်ဆာတွေ အဖြစ်များပါတယ်။

          ယမ်းစိမ်းဓာတ်နှင့် တိရစ္ဆာန်ထွက် ပရိုတင်းတွေ တွေ့တဲ့အခါ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဆမင်းဓာတ်ပေါင်းတွေ ဖြစ်ပေါ်လာပါတယ်။ အပူချိန်များများ မီးပြင်းပြင်းနှင့် ကြော်၊ လှော်၊ ချက်၊ ပြုတ်လျှင် နိုက်ထရိုဆမင်းဓာတ် ပေါင်းတွေ ပိုပြီးဖြစ်စေပါတယ်။ အပူနည်းနည်း (မီးပျော့ပျော့) ချက်မယ်ဆိုလျှင် နိုက်ထရိုဆမင်းဓာတ်ပေါင်းတွေ မဖြစ်ပေါ်စေဘူး။ ဖြစ်လျှင်တောင် များများမဖြစ်ဘူးလို့ သိထားသင့်ပါတယ်။

ယမ်းစိမ်းနှင့် ကင်ဆာ

          ယမ်းစိမ်းမှ ဖြစ်ပေါ်လာတဲ့ နိုက်ထရိုဆမင်းတွေကြောင့် အများဆုံးဖြစ်တတ်တဲ့ ကင်ဆာတွေက ဆီးအိမ် ကင်ဆာ၊ လည်ချောင်းနှင့် အစာအိမ်ကြားမှာရှိတဲ့ အစာမျို (Oesophagus) ကင်ဆာ၊ လည်ချောင်းရဲ့ အပေါ်ပိုင်း (နှာခေါင်းနောက်ဘက်) (Nasopharynx) ကင်ဆာ၊ ဆီးကျိတ် (Prostate) ကင်ဆာနှင့် အမေရိကန်ပြည်ထောင်စုမှာ Non-Hodgkins Lymphoma ဆိုတဲ့ ကင်ဆာတွေ ဖြစ်ပါတယ်။ အစာအိမ်၊ အူမကြီးနှင့် စအိုကင်ဆာတွေလည်း ဖြစ်နိုင်ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်ချက်အရ ဦးနှောက်အပါအဝင် ဗဟိုအာရုံကြောစနစ် (Central Nervous System) ကင်ဆာတွေ၊ နှလုံး၊ သိုင်းရွိုက် (thyroid) ဂလင်းနှင့် ကျောက်ကပ်တွေမှာလည်း ကင်ဆာဖြစ်နိုင်တာကို တွေ့ရပါတယ်။

          Bacon ဆိုတဲ့ ဝက်ဆားနယ်ကို ကျက်အောင်ကြော်လိုက်လျှင် နိုက်ထရိုဆမင်းတွေ အများအပြားထွက် လာပါတယ်။ ရေနှင့် ချက်တာ၊ မိုက်ခရိုဝေ့နှင့် ချက်တာတွေထက် ကြော်တာက နိုက်ထရိုဆမင်း ပိုပြီး များများ ထွက်ပါတယ်။ ယမ်းစိမ်းနှင့် ပြုပြင်ထားတဲ့ အသားတွေကို မီးသွေးနှင့် ကင်တဲ့အခါ ထွက်လာတဲ့ အဆီတွေမှာလည်း ဘင်ဇိုပိုင်ရင်း (Benzopyrene) ဓာတ်ပေါင်းတွေ ပါပါတယ်။ သူတို့ကလည်း ကင်ဆာဖြစ်စေနိုင်စွမ်း ရှိပါတယ်။ မီးသွေးပေါ်ကျသွားတဲ့ အဆီတွေမီးလောင်ပြီး ထွက်လာတဲ့ မီးခိုး တွေထဲမှာလည်း ဘင်ဇိုပိုင်ရင်းဓာတ်ပေါင်းတွေ ပါလာနိုင်ပါတယ်။ မီးခိုးတွေက ကင်ထားတဲ့အသားမှာ ပြန်ရိုက် တဲ့အခါ အသားမှာ မီးခိုးမှိုင်းကြောင့် မည်းနေပါလိမ့်မယ်။ မီးခိုးရိုက်လို့ မည်းနေတဲ့အသားကို စားမိလျှင် ကင်ဆာဖြစ်နိုင်ပါတယ်။

သဘာဝအစားအစာများထဲက နိုက်ထရိတ်များ

          နိုက်ထရိုက်ဓာတ်ပေါင်းတွေဟာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ မြေကြီးထဲမှာ ရှိပါတယ်။ အထူးသဖြင့် မြေဆွေးတွေထဲမှာ အများအပြားရှိပါတယ်။ ယူရီးယား (Urea) ဓာတ်မြေဩဇာသုံးထားတဲ့ မြေကြီး ထဲမှာလည်း ရှိပါတယ်။ မြေကြီးကတစ်ဆင့် အပင်ထွက် အစားအသောက်တွေထဲမှာ ပါလာပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီအစိမ်းတို့ဟာ နိုက်ထရိတ် ယမ်းစိမ်းဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

          အစားအသောက်တွေထဲက နိုက်ထရိတ် (NO3) တွေဟာ အစာအိမ်ထဲမှာ၊ အူထဲမှာ နိုက်ထရိုက် (NO2) တွေအဖြစ် ဓာတ်ပြောင်းသွားပြီး သွေးထဲဝင်သွားပါတယ်။ သွေးထဲကနေ တံတွေးထဲရောက်သွားပြီး တံတွေးမှ ပြန်ထွက်ပါတယ်။ တံတွေးကို လူတွေက အမြဲမျိုချနေတာဖြစ်တဲ့အတွက် နိုက်ထရိုက်တွေဟာ အူထဲအထိ ပြန်ရောက်သွားပြီး သွေးထဲကို စုပ်ယူခံရပြန်ပါတယ်။ အဲဒီလို နိုက်ထရိုက်တွေ အူထဲကနေ သွေးထဲရောက်၊ သွေးထဲကနေ တံတွေးထဲရောက်၊ တံတွေးထဲကနေ အူထဲပြန်ရောက် ဆိုတဲ့ သံသရာလည်နေပုံကို အူ-တံတွေး သံသရာ (Entero-Salivary Circulation) လို့ခေါ်ပါတယ်။ အူထဲမှာ အမြဲလည်ပတ်နေတဲ့  နိုက်ထရိုက်တွေက  အူမှာရောဂါ ဖြစ်စေနိုင်တဲ့ ပိုးတွေကို မပေါက်ဖွား၊ မပွားများအောင် ဟန့်တားခြင်းအားဖြင့် အစာလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ယုံကြည်ရပါတယ်။

          မြေကြီးထဲက နိုက်ထရိတ်တွေဟာ မြေအောက် ရေထဲကို ရောက်လာနိုင်ပါတယ်။ သောက်ရေမှာပါတဲ့ နိုက်ထရိတ်ပမာဏဟာ အထူးသဖြင့် မွေးစအရွယ် ကလေးတွေအတွက် အရေးကြီးပါတယ်။ မွေးစ လသားအရွယ် ကလေးတွေကို နိုက်ထရိတ်များတဲ့ သောက်ရေကို တိုက်မိလျှင် ကလေးတွေရဲ့ သွေးထဲက ဟီမိုဂလိုဘင်ဓာတ်ပေါင်းဟာ မက်(သ်)ဟီမိုဂလိုဘင် (Metenoglobin) ဆိုတဲ့ ဓာတ်ပေါင်းဖြစ်သွားပါတယ်။ မက်(သ်)ဟီမိုဂလိုဘင်က အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်း မရှိတဲ့အတွက် ကလေးဟာ အောက်ဆီဂျင်ငတ်ပြီး အသက်သေဆုံးနိုင်ပါတယ်။ သဘာဝအားဖြင့် နိုက်ထရိတ်ပါဝင်မှုများတဲ့ အသီးတွေ၊ အပွင့်တွေ၊ အရွက်တွေကို ကလေးငယ်တွေအတွက် ရောင်းချတဲ့ အစားအစာတွေ ပြုလုပ်ရာမှာ အသုံးမပြုဖို့လည်း ဆင်ခြင်ကြရပါမယ်။

          လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ပိုတက်စီယမ်နိုက်ထရိတ် ၃၅ ဂရမ် ဝင်သွားလျှင် အသက် သေနိုင်ပါတယ်။

လူအများသိထားသင့်သည့် အဓိကအချက်များ

          မီးလောင်ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးဝင်တဲ့အတွက် ယမ်းစိမ်းလို့ခေါ်တဲ့ နိုက်ထရိတ်ဓာတ်ပေါင်းတွေကို ဓာတ်မြေဩဇာ ပြုလုပ်ရာမှာလည်း အသုံးပြုပါတယ်။ အစားအစာတွေ တာရှည်ခံပစ္စည်းအဖြစ် သုံးစွဲလာတာလည်း နှစ်ပေါင်း ရာနဲ့ချီနေပါပြီ။ ဒါကြောင့် နိုက်ထရိတ်တွေကို ယမ်းစိမ်းလို့ ပြောမယ့်အစား ယမ်းစိမ်းဓာတ်ပါတဲ့ ဓာတ်ဆားတစ်မျိုးလို့ပဲ သိထားသင့်ပါတယ်။ အစားအသောက်တွေကို တာရှည်ခံစေတဲ့အပြင် အရောင်အဆင်းကို လှပစေပြီး ဆွဲဆောင်မှုရှိစေတဲ့အတွက် ဆက်ပြီးသုံးနေကြဦးမှာပါပဲ။ နိုက်ထရိတ်တွေရဲ့ ဆက်စပ်ဓာတ်ပေါင်းအချို့ကို နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ကုသဆေးအဖြစ် သုံးတာတွေရှိသလို အစာလမ်းကြောင်း ကျန်းမာရေးကိုလည်း အထောက်အကူပြုတာတွေ ရှိပါတယ်။ နိုက်ထရိတ်ဓာတ်ပေါင်းတွေကို အသား၊ ငါးတွေ မပုပ်မသိုးအောင် တာရှည်ခံပစ္စည်းအဖြစ် သုံးစွဲမှုများလွန်းလျှင်၊ သုံးစွဲတဲ့ကာလ ကြာလာလျှင် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို သေသေချာချာ မှတ်သားသင့်ပါတယ်။ နိုက်ထရိတ်ဓာတ်ပေါင်းတွေကို လိုတာထက် ပိုမထည့်ဖို့နှင့် မလိုတဲ့နေရာမှာ မသုံးဖို့ ဖြစ်ပါတယ်။

          အမေရိကန်နိုင်ငံမှာ အမဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်၊ ဟော့ဒေါ့ စတဲ့ အစာတွေပြုလုပ်ရာမှာ အသားတွေကို တာရှည်လည်းခံ၊ အနီရောင်လည်း လွင်ပြီး လှနေဖို့၊ နိုက်ထရိတ်တွေကို သုံးပေမယ့် အရောင်နီဖို့မလိုတဲ့ ကြက်သားနှင့် ငါးတွေမှာ မသုံးပါဘူး။

          မြန်မာတွေက အစားအသောက်တွေကို မလိုအပ်ဘဲ ဆေးဆိုးတာ၊ အရောင်ထွက်အောင် လုပ်တာတွေ ရှိပါတယ်။ ဥပမာ- မျှစ်က အဖြူရောင်၊ အဝါရောင်ဆိုလျှင်လည်း ဆွဲဆောင်မှုရှိပါလျက် အနီရောင်ဖြစ်အောင် လုပ်ကြပါတယ်။ ငါးရံ့ခြောက်ကို အမဲသားလို နီအောင်လုပ်ပါတယ်။ ပုစွန်ခြောက်ကို နဂိုအရောင်ထက် ပိုပြီးဝါအောင် လုပ်ပါတယ်။ ဝါရုံနှင့် အားမရလို့ နီအောင်လုပ်ပါတယ်။ အမေရိကန်တွေက နီစရာမလိုတဲ့ ငါးနှင့် ကြက်သားကို နိုက်ထရိတ်ထည့်ပြီး နီအောင်မလုပ်သလို မြန်မာတွေကလည်း ငါးရံ့ခြောက်ကို ယမ်းစိမ်းဓာတ်အသုံးပြုပြီး နီအောင်လုပ်ဖို့ မလိုဘူးထင်ပါတယ်။ အစားအစာရောင်းသူတွေဘက်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာဖို့ လိုအပ်သလို စားသုံးသူတွေအနေနဲ့လည်း တန်ဆေး လွန်ဘေး (The Dose Makes the Poison.) ဆိုတဲ့ စကားအတိုင်း ဆင်ခြင်စားသုံးကြဖို့လိုကြောင်း ပြောလိုပါတယ်။

Facebook Comments