မန္တလေးမြီးရှေ

မန္တလေးမြီးရှေ

            ကျွန်မက မြီးရှေအလွန်ကြိုက်သူပီပီ အင်္ဂလန်မှာနေရတဲ့တောက်လျှောက် ကျွန်မရဲ့ အစားအစာလွမ်းတာတွေကို ဖြေရှင်းဖို့ရာ ကိုယ်တိုင် ဘာမဆိုလုပ်စားရပါတယ်။ မြန်မာပြည်ကို ချစ်ပြီး မြန်မာအစားအစာကို မြတ်နိုးလွန်းတာမို့ တိုင်းတစ်ပါးမှာ ၁ဝ နှစ် နေရတဲ့ကာလများကို ကျွန်မ မြန်မာအစားအစာများကို မရမကရှာဖွေ ချက်ပြုတ်ခြင်းဖြင့် ကုန်ဆုံးခဲ့ပါတယ်။ ဒီမြီးရှေလုပ်တာကိုတော့ ခဏခဏ လုပ်စားဖြစ်နေတာမျိုးပါ။ မန္တလေးမြို့ရဲ့  သင်္ကေတလည်းဖြစ်တဲ့ မြီးရှေလုပ်နည်းလေးကို ကျွန်မ ရေးပြပါမယ်။

►   ပါဝင်ပစ္စည်းများ

♦   မြီးရှေလုပ်ရန် မုန့်တီဖတ်   –   ၁ ပိဿာ     (နန်းလတ်)

♦   ဝက်သား ၃-ထပ်သား   –   ၅ဝ သား (သို့) ကြက်သား

♦   ချင်း   –   လက်တစ်ဆစ်ခန့်

♦   ကြက်သွန်ဖြူ   –   ၅ ကျပ်သား

♦   ကြက်သွန်မြိတ် (လှီးပြီးသား)   –   လက် ၂ ဆုပ်ခန့်

♦   ပဲငပိ (အငန်)   –   ၁ ခွက်စာ (အကြမ်းပန်းကန်)

♦   တရုတ်နံနံ (ပါးပါးလှီးပြီးသား)   –   လက် ၁ ဆုပ်ခန့်

♦   ပဲငံပြာရည်အကြည်   –   လိုသလောက်

♦   ကော်မှုန့်   –   ၅ ကျပ်သား

♦   ဆီတိုဟူး   –   ၇ တုံးခန့်

♦   ပဲပင်ပေါက်၊ ကြံမဆိုင်   –   ၂ဝ ကျပ်သားစီ

♦   အီကြာကွေး

►   ပြုလုပ်နည်း

၁။         မုန့်တီဖတ်များကို ရေနွေးဖြင့်ပြုတ်ပြီး စစ်ထားပါ။ ဝက်သားများကို ချင်း၊ ကြက်သွန် ဖြူ၊ ဆားလိုအပ်သလောက်ထည့်ပြီး နူးအိနေအောင် ပြုတ်ရပါမယ်။ အမျှင်လေးများဖြစ်အောင် နွှင်ထားပါ။ ငရုတ်ပွခြောက်များကို ဆီပူမှာ ညိုရောင်သမ်းလာသည်အထိ ကြော်ကာ အေးလျှင် ညက်အောင်ထောင်းကာ ကြော်ဆီမှာပဲ ပြန်စိမ်ထားပါ။

၂။         ဆီတိုဟူးကို ရေနွေးဖြင့် မပျစ်မကျဲဖျော်ထားပါ။

၃။         ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။

၎။         ကြံမဆိုင်ကို ပါးပါးလှီးထားပေးပါ။

၅။         ကော်မှုန့်ကို ရေနွေးဖြင့်ဖျော်ပြီး မပျစ်မကျဲဖျော်ထားပါ။

►   ပွဲပြင်ရန်

            မြီးရှေဖတ်တစ်ပွဲစာကို ပန်းကန်တွင်ထည့်ပါ။ ပဲငံပြာရည် (အချိုစားဇွန်း ၁ ဇွန်း)၊ ကော်ရည် စားပွဲဇွန်း ၁ ဇွန်း၊ ပဲငါးပိ ၁ ဇွန်း (အချိုဇွန်း)၊ ငရုတ်ဆီ စားပွဲဇွန်း ၁ ဇွန်း၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ကြံမဆိုင်၊ ဆီတိုဟူး (၁ ဇွန်း-အချိုစားဇွန်း)၊ အသားပြုတ် လိုသလောက်ဖြင့် ပြင်ပေးပါ။ ဂျုံလုံးကြော်အစား အီကြာကွေးကို ညှပ်ထည့်ပေးပါ။ စားခါမှ နှံ့အောင်မွှေပေးရပါမယ်။

►   ဟင်းချိုပြုလုပ်ရန်မှာ

            ဝက်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် ကျဲကျဲဆူဆူကို တရုတ်နံနံ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပေါ် လောင်းထည့်ကာ ငရုတ်ကောင်း၊ ဆားခတ်ကာ တွဲစားနိုင်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments