မလေးရှားအနီရောင်ကြက်သားဟင်း  (Ayam Masak Merah) (Spicy Tomato Chicken)

by Sofia for Food Magazine

          အနီရောင်ကြက်သားဟင်းလို့ဆိုသလိုပဲ သာမန်ဟင်းတွေထက် ပိုပြီး အနီရောင်သန်းကာ ဟင်းခတ်အမွှေးအကြိုင်နဲ့ မတူညီတဲ့ ဟင်းစပ်ပစ္စည်းများသုံးပြီး ချက်ထားတဲ့ မလေးရှားကြက်သားဟင်းအစပ်တစ်မျိုး ဖြစ်ပါတယ်။ အရင်က စင်ကာပူမှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် မလေးအန်တီကြီးက ဆိုဖီယာမသိသေးတဲ့ ဟင်းအသစ်အဆန်းလေးတွေ အိမ်မှာ ချက်စားတိုင်း သတိတရနဲ့ ပြန်လာသင်ပေးခဲ့တဲ့ ဟင်းတွေထဲက ဟင်းလေးတစ်မျိုး ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁ ကီလို

ကြက်သွန်နီ   –  ၅ လုံး

ကြက်သွန်နီကြော်   –  စားပွဲဇွန်း ၃ ဇွန်း

နနွင်းတက်/နနွင်းမှုန့်  –  ၁ ဇွန်း

စပါးလင်   –  ၂ ချောင်း

ပတဲကော   –  အနည်းငယ်

သစ်ကြံပိုးခေါက်  –  ၁ ချောင်း

နာနတ်ပွင့်   –  ၃ ပွင့်

နံနံစေ့အမှုန့်  –  ၁ ဇွန်း

ဇီရာ  –  ဇွန်းတစ်ဝက်

ခရမ်းချဉ်သီးအနှစ်   –  ၂၀ဝ ဂရမ်

ငရုတ်သီးအနှစ်  –  ၃ ဇွန်း

ချီလီဆော့စ်   –  ၃ ဇွန်း

ချင်းကြက်သွန်ဖြူထောင်း   –  ၁ ဇွန်း

ဆား   –  ၁ ဇွန်း

သကြား   –  ၂ ဇွန်း

အုန်းနို့   –  (Optional)

နံနံပင်

ဆီ

ပြင်ဆင်ပြုလုပ်ပုံ

၁။  ကြက်သားကို အနေတော်လှီးဖြတ်ပြီး နနွင်း၊ ဆားဖြင့်နယ်၍ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။  ကြက်သွန်နီကို သေးသေးစိတ် (သို့) ကြိတ်ထားပါ။ စပါးလင်အရင်းပိုင်းကို အနည်းငယ်ထုထားပါ။ ငရုတ်သီးအနှစ်မရှိလျှင် ရေစိမ်ပြီး ကြိတ်ထားပါ။ ခရမ်းချဉ်သီးအနှစ်မှာ အရောင်ရဲနေစေရန်အတွက် အသင့်သုံး သံဘူးကို အသုံးပြုပါ။

၃။  အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲ ဆီများများထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သားကို အရောင်အနည်းငယ်သန်းသည်အထိ ကြော်ကာ ဆယ်ယူပြီး ဆီစစ်ထားပါ။

၎။  ဟင်းအနှစ်ချက်ရန်  ကြက်သားကြော်ထားသောဆီကို  ဖယ်ထုတ်ပြီး လက်ကျန်ဆီဖြင့် ကြက်သွန်နီ၊ စပါးလင်၊ ပတဲကော၊ သစ်ကြံပိုးခေါက်နှင့် နာနတ်ပွင့်တို့ကို ထည့်ပြီး ကြက်သွန်နီနွမ်းလာသည်အထိ ဆီသတ်ပါ။

၅။  ကြက်သွန်နွမ်းလာလျှင် ချင်း၊ ကြက်သွန်ဖြူထောင်းကို ထည့်ပါ။ ငရုတ်သီးအနှစ်နှင့် ခရမ်းချဉ်သီး အနှစ်ထည့်ပါ။ ကြက်သွန်ကြော်၊ ဇီရာ၊ နံနံစေ့အမှုန့်ထည့်ပြီး ဟင်းအနှစ်ကြေအောင် ချက်ပေးပါ။ လိုအပ်ပါက ရေအနည်းငယ်စီထည့်ပါ။

၆။  အနှစ်ကြေသွားပါက ဆား၊ သကြားနှင့် ချီလီဆော့စ်ထည့်ပြီး သမအောင်မွှေပေးပါ။

၇။  အရသာအနေတော်ပါက ကြော်ထားသောကြက်သားကို ရောထည့်ပါ။ ရေ (သို့) အုန်းနို့အနည်းငယ် ထည့်ကာ အဖုံးပိတ်ပြီး ၅ မိနစ်ခန့် တည်ပါ။

၈။  ကြက်သားနူးပါက ဟင်းအနှစ်အပျစ်အကျဲကို လိုသလိုပြုပြင်၍ နံနံပင်အုပ်ကာ မီးဖိုမှချပြီး တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments