မလေးရှားငရုတ်သီးငါးပိချက် (Sambal Chilli Sauce)

Sofia_1
စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံများတွင် နာမည်ကြီးဟင်းတစ်မျိုးဖြစ်ပါတယ်။ မြန်မာငရုတ်သီးငါးပိချက်နဲ့ ချက်ပုံခပ်ဆင်ဆင်တူပြီး ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်တွေမှာ မပါမဖြစ်တဲ့ ငရုတ်သီးချက်လေးလည်းဖြစ်ပါတယ်။ ဒီငရုတ်သီးဟင်းအနှစ်လေးနဲ့ ဟင်းအမျိုးပေါင်းများစွာကို ပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟင်းပေါင်း များစွာ ပြင်ဆင်နိုင်ဖို့ အဓိကကျတဲ့ Sambal Chilli Sauce ငရုတ်သီးအနှစ်ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
♦     ငရုတ်သီးခြောက်     –     ၂ဝဝ ဂရမ်
♦     ကြက်သွန်နီဥသေး     –     ၂ဝဝ ဂရမ်
♦     ကြက်သွန်ဖြူ     –     ၁ဝဝ ဂရမ်
♦     ငါးပိ     –     စားပွဲဇွန်း ၂ ဇွန်း
♦     မန်ကျည်းမှည့်     –     ၅ဝ ဂရမ်
♦     ဆား     –     ၂ ဇွန်း
♦     သကြား     –     ၁ဝဝ ဂရမ်
♦     ဆီ     –     ၅ဝဝ ဂရမ်
♦     ရေ     –     အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း
၁။    ဦးစွာငရုတ်သီးခြောက်ကိုသန့်စင်ပြီး ရေဆူဖြင့် ပွအောင်စိမ်ထားပါ။
၂။    ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ကို သင်ထားပါ။
၃။    ငရုတ်သီးအဆင်သင့်ဖြစ်ပါက ကြိတ်စက်တွင် ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးပိတို့ကို ရေအနည်းငယ်ထည့်ပြီး ကြေညက်အောင်ကြိတ်ပါ။
၎။    အိုးတစ်ခုတွင် ဆီထည့်ပြီး ကြိတ်ပြီးသား ငရုတ်သီးကို ဆီပြန်လာသည်ထိ ချက်ပါ။
၅။    ဆီပြန်လာပါက မန်ကျည်းမှည့်ကို ရေဖျော်ပြီးထည့်ပါ။ ဆား၊ သကြားထည့်ပါ။
၆။    အရသာ အပေါ့အငန်မြည်းပြီး ဆီပြန်လာပါက မီးဖိုမှချကာ အအေးခံထားပါ။ သန့်ရှင်းသောဘူးတွင် ထည့်ပြီး ရေခဲသေတ္တာတွင် သိမ်းထားကာ မိမိချက်ပြုတ်လိုသော ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ် နိုင်ပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်နဲ့လည်း တွဲဖက်စားနိုင်သလို နှစ်သက်ရာ အသား၊ ငါး၊ ကြက်ဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နိုင်ပြီးအရသာမှာ ချိုစပ်မွှေးလေးဖြစ်ပါတယ်။

Facebook Comments