မလေးရှားချဉ်စပ်ခေါက်ဆွဲ (Asam Laksa Penang Laksa Hot and Sour Noodle in Fish Soup)

by Sofia for Food Magazine

          မလေးရှားချဉ်စပ်ခေါက်ဆွဲ Asam Laksa ကို မလေးရှားနဲ့ စင်ကာပူမှာ နေရာဒေသအလိုက် ပြင်ဆင် ချက်ပြုတ်ကြပုံချင်း အနည်းငယ်ကွဲပြားကြပါတယ်။ အခုချက်ထားတဲ့ နည်းကတော့ မလေးရှား ပီနန်းဒေသမှ ချက်နည်းပုံစံလေးပဲ ဖြစ်ပါတယ်။ စားနေကြနဲ့မတူဘဲ တစ်မူထူးခြားစွာ တည်ခင်းလိုသော အိမ်ရှင်မများနှင့် ဝါသနာရှင်များအတွက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးကွမ်းရှပ်/ငါးပါးနီ  –  ၅၀ဝ ဂရမ်

ချင်း  –  လက် ၂ ဆစ်

Asam (ချဉ်စော်ခါးသီးခြောက်)  –  ၅ ဖတ်

မန်ကျည်းမှည့်  –  လက်တစ်ဆုပ်

ရေ  –  ၆ ခွက် (တစ်လီတာခွဲ)

မိဿလင်ဖူး  –  ၂ ဖူး

ဖက်ဖယ်ရွက် (Laksa Leave)  –  ၅ ပင်

ဆား  –  စားပွဲဇွန်း  ၁ ဇွန်း

သကြား  –  ၃ ဇွန်း

ငရုတ်သီးခြောက်  –  ၁၅ တောင့်

ပုစွန်ငါးပိ  –  စားပွဲဇွန်း  ၂ ဇွန်း

စပါးလင်  –  ၂ ချောင်း

ငရုတ်သီးစိမ်း  –  ၄တောင့်

ကြက်သွန်နီ  –  ၈ လုံး

အလှဆင်ရန်

ပူဒီနာအရွက်ချြွေ

နာနတ်သီး

သခွားသီးအမျှင်

ကြက်သွန်နီပါးပါးစိတ်

ပြင်ဆင်ပြုလုပ်ပုံ

၁။       ဦးစွာ ငါးကို ရေဆေးသန့်စင်ကာ ချင်း၊ ဆား၊ ချဉ်စော်ခါးသီးခြောက်နှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ငါးနူးအောင်ပြုတ်ထားပါ။

၂။       ငါးနူးပါက ဆယ်ယူပြီး အရိုးများ နွှင်ထားပါ။ အိုးထဲမှ အဖတ်များ ဆယ်ယူပြီး ငါးပြုတ်ရည်ဟင်းရည် ချက်ရန် ဖယ်ထားပါ။

၃။       ငါးပိကို မီးကင်ထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ထားပြီး ပွလာပါက ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ စပါးလင်အတွင်းပိုင်းကို နုပ်နုပ်စဉ်းထားသည်တို့ကို ကြိတ်စက်ဖြင့် ညက်အောင် ကြိတ်ပါ။

၎။       ဟင်းရည်ချက်မယ့်အိုးထဲ ကြိတ်ထားသည်တို့ကို ထည့်ပါ။ ငါးပြုတ်ရည်ကို ထည့်တည်ပါ။ မိဿလင် ဖူးကို ထက်ခြမ်းခြမ်းထည့်ပါ။

၅။       ဆူပွက်ပါက မန်ကျည်းမှည့်အနှစ်၊ ဆားနှင့် သကြားတို့ကိုထည့်ပါ။ ဖက်ဖယ်ရွက်ကို ရေဆေးသန့်စင်ပြီး အရွက်ခြွေထည့်ပါ။

၆။       အရသာအပေါ့အငန်မြည်းပြီး မီးပိတ်ကာ သုံးဆောင်ရန် ချဉ်စပ်ဟင်းရည် အသင့်ဖြစ်ပါပြီ။

၇။       မုန့်တီဖတ်ကို ရေနွေးဖျောပြီး ပန်းကန်ထဲထည့်ပါ။ ချဉ်စပ်ဟင်းရည်ခပ်ထည့်ပြီး အပေါ်မှ ကြက်သွန် ပါးပါးလှီး၊ သခွားသီးအမျှင်၊ နာနတ်သီးအမြှောင်းနှင့် ပူဒီနာတို့ ထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments