မုန့်ဦးနှောက်

မုန့်ဦးနှောက်

          မုန့်ဦးနှောက်ကို ဆိမ့်ဆိမ့်လေး ပြုလုပ်ပြီး သကြား၊ အုန်းနို့ဆီပြန် ရေကျန် ချက်ထားတာနဲ့ စားလေ့ရှိတယ်။ မမီးလုပ်စားတဲ့ မုန့်ဦးနှောက် အချိုနည်းနည်းများနေမယ်။ နောက်ပိုင်းမှ သကြားလေးဖြူးစားမယ်ဆိုရင် အချိုလျှော့ထည့်ပါ။ ၂ ယောက်စာ အချိုးလေးပဲ ရေးပေးထားပြီး စမ်းသပ်လုပ်လို့ အဆင်ပြေတဲ့အခါ  အချိုးကို ဆတိုးပြီး များများလုပ်နိုင်ပါတယ်။ ဘာကြောင့် ပထမအကြိမ်မှာမှ နည်းနည်းပဲ လုပ်စေချင်သလဲဆို နေရာဒေသအသီးသီးမှာ နေကြသူတွေ အသုံးပြုတဲ့ အုန်းနို့အမျိုးအစားတွေက မတူကြပါဘူး။ အုန်းနို့ခရင်မ် ပါဝင်မှုတွေ မတူကြပါဘူး။ ဒါကြောင့် ကိုယ့်ဒေသမှာရှိတဲ့ အုန်းနို့ဘူးကို အသုံးပြုပြီး ပြုလုပ်ကြတဲ့အခါ ကွဲလွဲချက်တွေရှိနိုင်လို့ ပထမအကြိမ်လုပ်တဲ့အခါ ရလာတဲ့ရလဒ်ကို ကြည့်ပြီးမှ အတိုး အလျှော့လေးတွေ လုပ်ကြရမှာပါ။ မမီးသုံးတဲ့ အုန်းနို့ တစ်ဘူးက ၄၀ဝ မီလီလီတာ /၄၀ဝ ဂရမ် ရှိပါတယ်။ ၈၀ ဂရမ်ကို မုန့်ကျိုရာမှာ အသုံးပြုပြီး ကျန်တဲ့ ၃၂၀ ဂရမ်ကို အုန်းနို့ဆီပြန် ရေကျန်လေး ချက်ပါမယ်။ အုန်းသီးကို ခြစ်ညှစ်ပြီး လုပ်မယ်ဆိုလျှင် ပထမဆုံးညှစ်ယူထားတဲ့ အုန်းနို့ဦးရည်ကို အသုံးပြုပါ။ အုန်းနို့ဘူး အမျိုးကွဲတွေ အများကြီးရှိလို့ အုန်းဆီချက်တဲ့အခါ ရလဒ်မတူဘဲ ဖြစ်တတ်ပါတယ်။ Coconut Cream ဆိုလျှင် အဖြူ အနှစ်တွေချည်းပဲပါလို့ မုန့်လုပ်ရာမှာ ပိုအဆင်ပြေပါတယ်။ တချို့ Coconut Milk တွေမှာလည်း Cream ပါဝင်မှု များပါတယ်။

   ပါဝင်ပစ္စည်းများ

♦   သာကူ   –   ၄၀ ဂရမ်

♦   ဆန်မှုန့်     –   ၈၀ ဂရမ် ( ၅ ကျပ်သား)

♦   သကြား    –   ၈၀ ဂရမ်

♦   အုန်းနို့   –   ၈၀ ဂရမ်

♦   နို့ဆီ    –   ၁၀ဝ ဂရမ်

♦   ရေ    –   ၂၄၀ မီလီလီတာ

♦   ဆား    –   အနည်းငယ်

♦   အုန်းနို့    –   ၃၂၀ ဂရမ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      သာကူကို ၁၅ မိနစ်ခန့် ရေစိမ်ပါ။ ရေစစ်ထားပါ။

၂။      အုန်းနို့ ၃၂၀ ဂရမ်ကို ရေခန်းအောင် ကျိုပါ။ ဆီပြန် ရေကျန် အနေအထားမှာ မီးဖိုမှဖယ်ပြီး အအေးခံပါ။

၃။      မုန့်အခဲခံမည့် ခွက်/ဗန်းကို စောစောက ကျိုထားသော အုန်းဆီလေး သုတ်ထားပါ။

၎။      မုန့်ကျိုမည့်အိုးထဲ သာကူမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများထည့်ပြီး သမအောင် အရင်မွှေပါ။

၅။      မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့် မွှေပေးနေပါ။ မုန့်နှစ်ရည် စခဲလာတဲ့အခါ သာကူထည့်ပြီး မွှေပေးနေပါ။

၆။      သာကူ အရောင်ကြည်ပြီး မုန့်သားတော်တော်ပျစ်လာတဲ့အခါ အခဲခံမည့် ဗန်းထဲထည့်ပြီး အခဲခံပါ။

♦  Meemeetofu   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments