မုန်တိုင်းမျှော်ရည် ချက်စို့အတည်

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

          ဇွန်လမှာတော့  ဆရာမနန်းစန်းစန်းအေးက “ဘဲဥ ငါးခြောက်ချက်” အပါအ၀င်  ဟင်းလျာအတွဲအစပ် (၇)မျိုး ကို  စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –

၁။       ကကတစ်စပါးလင်ဟင်း၊ ရုံးပတီသီး ပုစွန်ခြောက် ကြော်၊ သရက်သီးငါးပိချက်၊ တို့စရာအစုံ။

၂။       ငါးရံ့အူမန်ကျည်း မှည့်ချက်၊ ဟင်းနုနယ်ရွက်ကြော်၊ ပဲပြုတ်ထောင်း၊ ဂျူးမြစ်အတို့။

၃။       ကြက်အသည်းအမြစ် အာလူးမဆလာ၊ ဂေါ်ရခါးသီးအချဉ်ဟင်း၊ မုန်လာဥသုပ်၊ ငရုတ်သီးထောင်း။

၎။       ဘဲဥငါးခြောက်ချက်၊ ကြက်သားဂေါ်ဖီထုပ်ကြော်၊ ကြက်ရိုးပြုတ်ဟင်းရည်၊ ငံပြာရည်ဖျော်။

၅။       ၀က်နံရိုးမျှစ်ချဉ်၊ ငါးခြောက်ထောင်းကြော်၊ ပူဒီနာ ငရုတ်သီးထောင်း၊ မာလာဖူး အတို့။

၆။       ဆိတ်သားလုံးဆီပြန်၊ ချဉ်ပေါင်ခါး ပုတတ်ဟင်းရည်၊ အာလူးကြော်၊ ငါးပိရည် တို့စရာ။

၇။       ငါးခူကြော်နှပ်၊ ပြောင်းဖူးထောင်းကြော်၊ မန်ကျည်းရွက် သနပ်ရွက်ဟင်းရည်၊ ငါးပိရည်ဖျော် အတို့။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇) မျိုးထဲမှ ဘဲဥငါးခြောက်ချက်၊ ကြက်သားဂေါ်ဖီထုပ်ကြော်၊ ကြက်ရိုးပြုတ်ဟင်းရည်၊ ငံပြာရည်ဖျော်တို့ကို တင်ပြပေးလိုက်ပါတယ်။

မုန်တိုင်းမျှော်ရည် ချက်စို့အတည်

          “ဒီနှစ်ရာသီဥတုကတော့ အလွန့်အလွန်ပူလွန်းတယ်”

          “ပြီးခဲ့တဲ့ မေလ ၃ ရက်က မုန်တိုင်းဖန်နီလေးများ အဖျားခတ်ပြီး မိုးရွာမယ်လို့ အောက်မေ့တာ ဘာမှကို မလာဘူး”

          “မုန်တိုင်းများ သွားမျှော်နေသေးတယ်။ မြန်မာပြည်ကိုများ ၀င်ကြည့်လိုက်ပါလား”

          “ဘယ်လိုဖြစ်သွားမယ်ထင်လဲ”

          “မတူတဲ့ ရှုထောင့်က တွေးမယ်ဟယ်… နာဂစ်ဆိုတဲ့ အရာကိုတော့ တို့မြန်မာပြည်သူ၊ ပြည်သားတွေ ဘယ်လိုမှ မမေ့သေးတဲ့အဖြစ်အပျက်တွေမို့ ထပ်မပြောတော့ဘူး။ မုန်တိုင်းဝင်ရင် အရင်ဆုံး ဘာတွေလုပ်ကြမလဲဆိုတော့ Facebook ပေါ် အလုအယက် တင်ကြမယ်၊ Share ကြမယ်၊ Like ကြမယ်၊ Comment တွေပေးကြမယ်၊ Video တွေ ရိုက်တင်ကြမယ်ဆိုတော့ကာ ဘယ်သူတွေ ၀မ်းသာပြီး ဘယ်သူတွေ စီးပွားဖြစ်မလဲ စဉ်းစားကြည့်လိုက်လေ”

          “ဖုန်းဘေလ်တွေ သောက်သောက်လဲ ရောင်းရ မယ်ဆိုတဲ့ သဘောလား”

          “အသုံးပြုတဲ့သူတွေများတော့ ၀င်ငွေပိုဖြောင့်မယ်လို့ ပြောတာပါ”

          “မုန်တိုင်းမရှိလည်း ဖုန်းနဲ့ မျက်နှာ မခွာကြပါဘူး။ သူများတွေ ၀င်ငွေတိုးမှာကို မနာလိုတဲ့ အတွေးတွေ မတွေးရဘူး”

          “စဉ်းစားမိတာ ပြောကြည့်တာပါ။ ချစ်စရာကောင်းတာတစ်ခု တွေးမိသေးတယ်။ ဒုက္ခရောက်တဲ့ မုန်တိုင်း ဒဏ်သင့်တွေကို စုပေါင်းလှူကြတဲ့ ကိစ္စကတော့ မြန်မာပြည်က အရက်ရောဆုံးပဲတဲ့”

          “Facebook ထဲမှာ တွေ့တာ မဟုတ်လား”

          “ကိုယ်တိုင်လည်း သွားခဲ့ပါသေးတယ်ဟယ်… အဲဒီမှာ လာလှူတဲ့သူတွေရော ဒုက္ခသည်တွေကိုပါ ချက်ကျွေးတဲ့ ထမင်းဟင်းတွေ မှတ်မိသေးတယ်”

          “ဘဲဥငါးခြောက်ချက်၊ ကြက်သားကို နုပ်နုပ်စဉ်းပြီး ဂေါ်ဖီနဲ့ကြော်၊ မောမောနဲ့ စားကောင်းလိုက်တာ။ အခု အဲဒီဟင်းမျိုးပဲ တို့ချက်စားရအောင်”

          “အကောင်းဆုံးပေါ့”

          ဘဲဥ ၃ လုံး၊ ငါးခြောက်အသားခြောက် ၅ ကျပ်သား၊ ခရမ်းချဉ်သီး ၃ လုံး၊ မန်ကျည်းမှည့်၊ ကြက်သွန်ဖြူ/နီ ၁ လုံးစီနဲ့ ပေါင်းချက်ကြမယ်။

          ဘဲဥတွေကို အနှစ်မကျက်အောင်  ရေဆူဆူထဲ ၂ မိနစ်ထည့်ပြုတ်မယ်။ ရေအေးထဲ ပြန်ထည့်ပြီး အခွံနွှာထားမယ်။ ချက်မယ့်အိုးထဲ ဆီ ၅ ကျပ်သားထည့်ပြီး ဘဲဥပြုတ် အတန်းလိုက်ထည့်ကြော်မယ်။ အပြင်အကာ ရွှေဝါရောင်သန်းလာရင် ဖယ်ထားမယ်။ ကျန်တဲ့ဆီထဲ အနေတော်တုံးထားတဲ့ ငါးခြောက်ထည့်ကြော်မယ်။ ငါးခြောက်နံ့မွှေးလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွ ၂ တောင့် ပေါင်းထောင်းထားတဲ့ အဆာထည့် ကြော်မယ်။ အဆာဖတ်တွေ ဆီပေါ်တက်ပြီး ကျက်လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးအနှစ် ထည့်မယ်။ ခရမ်းချဉ် သီးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် မန်ကျည်းမှည့်အနှစ် စတီးဇွန်းကြီး ၁ ဇွန်းစာ ပေါင်းထည့်မယ်။ ရေ ၅ ကျပ်သားတစ်ခွက် ထပ်ဖြည့်ပေးမယ်။ ပွက်ပွက်ဆူလာ ရင် လိုအပ်တဲ့ ဆားအရသာနဲ့အတူ ကြော်ထားတဲ့ ဘဲဥတွေ ထက်ခြမ်းခြမ်းပြီး ထည့်မယ်။ နံနံပင်၊ ငရုတ်သီးစိမ်း လက်တစ်ဆုပ်စာ အုပ်ပြီးရင်တော့ ဘဲဥငါးခြောက် ဟင်းရပါပြီ။ (အများစာမှာတော့ ဘဲဥကို အပြုတ်အတိုင်းပဲ ချက်လို့ရပါတယ်။)

          ကြက်သားနဲ့ ဂေါ်ဖီကြော်အတွက်ကတော့ အချို အရသာလေးတဲ့ ရှမ်းပြည်နယ်ဘက်က ထွက်တဲ့ ဂေါ်ဖီ တစ်စိတ်ကို အနေတော် လှီးပြီး ရေစိမ်ထားပါမယ်။ ကြက်သား အသားကို ၁၀ ကျပ်သား အရိုးနွှင်ပြီး နုပ်နုပ်စဉ်းကာ ဆား၊ အရသာ အနည်းငယ်စီနဲ့ နယ်ထားမယ်။ ကြော်မယ့်အိုးထဲ ဆီ ၃ ကျပ်သားထည့်ပြီး ပူလာရင် ကြက်သွန်ဖြူ ၅ မြွှာကို ဓားပြား ရိုက်ထည့်မယ်။ အနံ့မွှေး လာရင် ကြက်သားထည့်ပြီး မွှေမယ်။ ကြက်သားကျက်ရင် ဂေါ်ဖီထည့်မယ်။ ဂေါ်ဖီထဲပါတဲ့ အရည်ခန်းရင် ဆား၊ အရသာ အနေတော်ဖြစ်အောင် ထည့်မြည်းလိုက်ပါမယ်။ အနံ့အတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီးရင်တော့ ကြက်သား ဂေါ်ဖီကြော် ရပါပြီ။

          အိမ်မှာဆိုတော့ ငံပြာရည်ဖျော်လေး ထပ်ထည့်ပါဦးမယ်။ ငံပြာရည် ၂ ကျပ်ခွဲသား တစ်ခွက်တည်းကို ပွက်စာရေတစ်ဝက်ဖြည့်ထည့်ပြီး ပွက်ပွက်ဆူအောင် ထည့်မယ်။ ပုစွန်ခြောက်အချို ၁၅ ကောင် ထောင်းထည့် မယ်။ ကြက်သွန်ဖြူ/နီ ကြော် လက်တစ်ကိုင်စာ ထပ်ဖြည့်ပြီး အစပ်အတွက် ငရုတ်သီးမှုန့်လှော်ထောင်းကို ၁ ဇွန်း (သို့) ကြိုက်သလောက် ထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် ထည့်မယ်။ အိုးချခါနီး သံပရာရည် တစ်ခြမ်း ညှစ်ထည့်လိုက်ပါမယ်။ နှစ်သက်ရာ တို့စရာနဲ့ တို့လို့ရပါပြီ။ ဟင်းရည်သောက်ချင်သေးရင်တော့ ကြက်ရိုးလေး ၅ ချောင်း ကျအောင် ပြုတ်ပြီး ပဲပင်ပေါက်၊ ကြာဆံ၊ အသီးအရွက်ကို ကြိုက်ရာ ခတ်ထည့်ပြီး အလွယ်သောက်စရာလုပ်လို့ ရပါတယ်။ အပူဒဏ်ကြောင့် အပြင်ထွက်ပြီး ဈေးမဝယ်ချင်တဲ့သူများအတွက် အိမ်မှာရှိတဲ့ ပစ္စည်းများနဲ့ အလွယ်တကူ ချက်လို့ရတဲ့ ဒီလအတွက် ဟင်းအတွဲအစပ်ပါ။

ဘဲဥငါးခြောက်ချက်

ဘဲဥ  –  ၃ လုံး

ငါးခြောက်  –  ၅ ကျပ်သား

ခရမ်းချဉ်သီး  –  ၃ လုံး

ကြက်သွန်ဖြူ  –  ၁ လုံး

ကြက်သွန်နီ  –  ၁ လုံး

ဆီ  –  ၅ ကျပ်သား

ငရုတ်ပွ  –  ၂ တောင့်

ရေ  –  ၁ ခွက် (၅ ကျပ်သားခွက်)

နံနံပင်  –  လက်တစ်ဆုပ်စာ

မန်ကျည်းမှည့်အနှစ်  –  စတီးဇွန်းကြီး ၁ ဇွန်း

ကြက်သားဂေါ်ဖီထုပ်ကြော်

ကြက်သား  –  ၁၀ ကျပ်သား (နုပ်နုပ်စဉ်း)

ဂေါ်ဖီ  –  ၁ စိတ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဆီ  –  ၃ ကျပ်သား

ကြက်သွန်ဖြူ  –  ၅

ငံပြာရည်ဖျော်

ငံပြာရည်  –  ၂   ၁/၂ ကျပ်သား

ရေ  –  ၁/၂ ခွက်

ပုစွန်ခြောက်အချို  –  ၁၅ ကောင်

ကြက်သွန်ဖြူ/နီ ကြော်  –  လက်တစ်ဆုပ်

ငရုတ်သီးမှုန့်  –  ၁ ဇွန်း

သံပရာရည်  –  ၁ ခြမ်း

Facebook Comments