မိုးစက်တွေကြား ချက်စို့လား

by နန်းစန်းစန်းအေး (အဓိပတိ – ဖြူး) for Food Magazine

          မေလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ငါးခူ ငါးပိကောင်ချက်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုး ကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ငါးခူငါးပိကောင်ချက်၊ ဝက်သားမျှစ်ကြော်၊ ခရမ်းသီးမီးဖုတ် ငရုတ်သီးသုပ်၊ ငါးဆီသတ် ကြက်သွန်နီ ဟင်းရည်။

၂။       ဝက်အချင်းဆီပြန်၊ ချဉ်ပေါင်ခါးပုတတ်စာကြော်၊ အာလူးဟင်းရည်၊ ငရုတ်သီးစိမ်း ငါးပိထောင်း။

၃။       ပုစွန်ကျားငရုတ်သီးချက်၊ ပဲလိပ်ပြာဟင်းရည်၊ သရက်သီးသုပ်၊ ဂျူးငရုတ်သီး ပဲပုပ်ကြော်။

၎။       ဗမာကြက်အသည်းအမြစ်မဆလာချက်၊ သီးစုံပဲကုလားဟင်း၊ ရုံးပတီသီးသုပ်၊ ပူဒီနာငါးပိထောင်း။

၅။       ဆိတ်သားလုံးပျဉ်းတော်သိမ်ချက်၊ သရက်သီးသုပ်၊ ပဲနီလေးကြာဆံဟင်းရည်၊ ငရုတ်သီးကြော် ကြက်သွန်ဖြူထောင်း။

၆။       ကဏန်းလက်မချဉ်စပ်၊ ကြာစွယ်ကြက်ဥကြော်၊ ပဲညွန့်ဟင်းရည်၊ ခရမ်းချဉ်သီးထောင်း။

၇။       ငါးသလဲထိုးကြော်၊ ပဲပုပ်ခရမ်းချဉ်သီးချက်၊ စွယ်တော်ညွန့်ဟင်းရည်၊ ပုစွန်ခြောက် ငါးပိကြော်၊ အတို့စုံ။

အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးခူ ငါးပိကောင်ချက်၊ ဝက်သားမျှစ်ကြော်၊ ခရမ်းသီးမီးဖုတ် ငရုတ်သီးသုပ်၊ ငါးဆီသတ် ကြက်သွန်နီဟင်းရည်တို့ကို တင်ဆက်ပေးလိုက်ပါတယ်။

 

          “မိုးတွေရွာတော့ ကြည့်လေရာ စိမ်းစိုပြီး သာယာလိုက်တာ”

          “နွေပူပူထက် မိုးစိုစိုကို ပိုကြိုက်တယ်ပေါ့”

          “အကောင်းဆုံးကတော့ ခြောက်ခြောက်သွေ့သွေ့နဲ့ အေးတဲ့ဆောင်းကို ပိုကြိုက် တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဆောင်းပျောက်တာ ကြာလှပြီပဲ”

          “ဟုတ်တယ်နော်။ အေးတဲ့တိုင်းပြည်က လူတွေ အနွေးထည်အထူကြီးတွေနဲ့ မြင်ရတော့ အားကျလိုက်တာ”

          “ဒါဆို မေမြို့တို့၊ ကလောတို့ဘက်မှာ သွားနေပါလား”

          “အလုပ်မရှိ၊ အကိုင်မရှိနဲ့တော့ မဖြစ်လောက်ဘူး။ အစ်မတစ်ဝမ်းကွဲတစ်ယောက် မေမြို့က သမီးနောက်ကို အမြဲလိုက်နေတာ၊ လူမမာလို အနွေးထည်အမြဲဝတ်ရလို့ အဆင်မပြေဘူးဆိုပြီး တို့ရဲ့ပူပူလောင်လောင်အရပ်ကိုပဲ ပြန်ပြေးလာလေရဲ့”

          “ကိုယ့်ဇာတိ၊ မွေးရပ်မြေကိုတော့ မနေရရင်သာ ရှိမယ်၊ သတိရတမ်းတကြတာတော့ လူတိုင်းပါပဲ”

          “အဲဒီအထဲ မမက အဆိုးဆုံးနေမှာ။ လင်ပစ်၊ သားပစ်နဲ့ တခြားစီနေနေကြတာ။ သူများတွေ ပြောလှပြီ။ ကွဲနေကြတာလားတဲ့”

          “လွတ်လပ်စွာ ကွဲလွဲကြတာပါဟယ်။ လူချင်းမပေါင်းပေမယ့် စိတ်ချင်းဆက်စပ်နေကြတာပဲ။ ဘာလိုသေးလဲ။ သူလည်း သူ့ပတ်ဝန်းကျင်နဲ့ သူပျော်တယ်။ ကိုယ်လည်း ကိုယ့်စားသုံးသူတွေ၊ မိတ်ဆွေအသစ်အသစ်တွေနဲ့ ပျော်တယ်”

          “အလုပ်သမားတွေ၊ စားသုံးသူတွေနဲ့ ပိုပြီး အဆင်ပြေ တယ်ဆိုတဲ့သဘောပေါ့”

          “အမှန်ကတော့ ကိုယ့်ကိုယ်ကိုယ် အသုံးချချင်သေးတယ်။ အိမ်ရှင်မဆိုတာနဲ့ မကျေနပ်နိုင်ဘူးလေ။ အဲဒီစိတ် တွေကြောင့်ပါ။ လက်ကျန်အချိန်တွေကို စိတ်ပါရာလုပ်ပြီး ကုန်ဆုံးချင်တယ”

          “ကောင်းပါလေရဲ့။ မမရဲ့စိတ်အပါဆုံးအရာတွေထဲက ဒီနေ့အတွက် ဘာဟင်းတွေချက်”

          “လယ်ငါးခူဝ၀ကြီးတွေတွေ့လို့ ငါးပိကောင်လုပ်ပြီး ကိုင်းခရမ်းချဉ်သီးနဲ့ချက်တယ်။ ပေါ်ဦးပေါ်ဖျား မျှစ်ကို ဝက်သားနဲ့ကြော်၊ ငါးဆီသတ်ကြက်သွန်နီဟင်းရည်၊ ခရမ်းသီးမီးဖုတ်၊ ငရုတ်သီးသုပ်၊ ခြံထွက်အတို့စုံနဲ့ စားသွားမလား”

          “ချက်နည်းလေးပဲ ယူသွားမယ်”

          လယ်ငါးခူ ၂၀ ကျပ်သား ၂ ကောင်ကို ခေါင်းဖြတ်၊ အရိအရွဲတွေပြောင်အောင် ပွတ်ဆေးပြီး ဆား ၅ ကျပ်သား နဲ့နယ်၊ ဖက် ၂ ထပ်နဲ့ လုံအောင်ထုပ်ပြီး အလေးနဲ့ ၈ နာရီ၊ ၉ နာရီ ဖိထားမယ်။ ငါးခူသားထဲ ဆားဝင်ပြီး တောင့်တင်းလာရင် ရေစင်စင်ဆေး၊ အနေတော်ကွင်းကာ နနွင်း၊ အရသာအနည်းငယ်စီထည့်ပြီး နယ်ထားမယ်။

          ချက်မယ်ဆိုရင် ဒယ်အိုးထဲ ဆီ ၇ ကျပ်သားထည့်၊ ဆီပူလာရင် နယ်ထားတဲ့ ငါးခူတုံးတွေ ထည့်ကြော်မယ်။ အသားတင်းပြီး ကျက်ရင် အိုးချပြီး ငါးတွေဆယ်ယူထားမယ်။ ကျန်ဆီထဲကို ကြက်သွန်နီ ၁ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ ငရုတ်သီးပွ ၃ တောင့်ကို အစေ့ထုတ်၊ ရေစိမ်ရောထောင်းထားတဲ့ အဆာထည့်ကြော်မယ်။ အဆာဖတ်တွေ ရွှေဝါ ရောင်တောက်လာရင် ကြိတ်ထားတဲ့ ကိုင်းခရမ်းချဉ်သီး ၅ လုံးထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် ကြော်ထားတဲ့ ငါးခူ၊ မစပ်တဲ့ ငရုတ်ပွ ၃ တောင့်၊ ကြက်သွန်မြိတ် (သို့) နံနံပင်ထည့်ပြီး ဆူပွက်စေမယ်။ လိုတဲ့ ဆား၊ အရသာ အပေါ့အငန် ထပ်ဖြည့်ပြီးရင် ငါးခူငါးပိကောင်(သို့) ငါးခူငါးဆားနယ်ချက် ရပါပြီ။

          မျှစ်နဲ့ဝက်သားကြော်အတွက် ဝက်အဆီနဲ့ အသားတွဲလျက် (သို့) သုံးထပ်သား ၁၀ ကျပ်သားကို ပါးပါးနဲ့ အပြား လေးတွေဖြစ်အောင် လှီးမယ်။ ဆားနဲ့အရသာ မန်ကျည်း စေ့စီလောက် ထည့်နယ်ထားမယ်။ ကြော်မည့်အိုးထဲ ဆီ ၂ ကျပ်ခွဲသားထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်ထည့်ကြော်မယ်။ အနံ့မွှေးရင် ဝက်သားထည့် မွှေပေးမယ်။ ဝက်သားထဲပါတဲ့ အရည်ခန်းပြီး လိပ်လာရင် ရေ ၅ ကျပ်သား တစ်ခွက်ထည့်၊ အဖုံးအုပ်ကာ မီးအရှိန်လျှော့ပြီး ဝက်သားဖတ်နူးအောင် တည်မယ်။ ဝက်သားဖတ် နူးရင် အမျှင်လေးတွေ ဖြစ်အောင် ခြစ်ထားတဲ့ မျှစ် ၃ချောင်း၊ ၄ ချောင်း (အခါးရည်စင်အောင် ပြုတ်ပြီး) ထည့်မွှေပေး မယ်။ ဆား၊ အရသာ လက်ဖက်ရည်ဇွန်း တစ်ဝက်စီ ထပ် ဖြည့်ပြီး မျှစ်သားလေးတွေ ကျစ်သွားအောင် ကြော်မယ်။ အိုးချခါနီးမှာ ရှမ်းနံနံ ၂ ပင် ပါးပါးလှီးပြီး ဖြည့်ထည့်ပေးပြီးရင်တော့ အနံ့မွှေးတဲ့ ဝက်သားနဲ့ မျှစ်ကြော်ရပါပြီ။

          ငါးဆီသတ်ဟင်းရည်အတွက် ချောင်းငါးကြင်းပြုတ်၊ အသားနွှင်၊ ကြက်သွန်ဖြူ၊ စပါးလင်ထောင်းဆီသတ်ကို ဟင်းရည်ပွက်ပွက်ဆူထဲ ကြက်သွန်နီပါးပါးလှီးနဲ့ ပေါင်းချက်တဲ့ ဟင်းရည်ပါ။ ငံပြာရည်စစ်စစ်နဲ့ ငရုတ်ကောင်းလေးထပ်ဖြည့်ရင် ဘာအစပ်မှမလိုတဲ့ သဘာဝဟင်း ရည်တစ်ခွက်ပါ။

          ခရမ်းသီးမီးဖုတ် ငရုတ်သီးသုပ်အတွက် ခရမ်းသီး အနေတော် ၁ လုံးကို မီးဖုတ်ပြီး အသားနွှင်ယူမယ်။ ငရုတ် သီး ၄-၅ တောင့်ကို မီးကင်ပြီး ထောင်းထားမယ်။ သုပ်မယ် ဆို ကြက်သွန်နီ ၁ ဥ ပါးပါးလှီး၊ မြေပဲမှုန့် စတီးဇွန်း ၁ ဇွန်းစာ၊ ပဲဆီ ၂ ကျပ်သား၊ ဆား၊ အရသာလေး ပါလေကာထည့်ပြီး အားလုံးပေါင်းနယ်လိုက်ပါ။ နှမ်းစေ့၊ ကြက်သွန်ကြော် အနည်းငယ်စီ ထပ်ဖြည့်လိုက်ရင် ပြည့်စုံတဲ့ အသုပ်တစ်ပွဲဖြစ်ပါပြီ။

          မိုးရွာရွာ၊ နေပူပူ၊ ဆောင်းဘယ်လောက်အေးအေး အမြဲမလုပ်မဖြစ် လုပ်နေရတဲ့ ဟင်းအတွဲတွေထဲက မိုးပုလဲစက်တွေကြား ချက်ကြည့်ဖို့ဟင်းတချို့ပါ။

ဝက်သားမျှစ်ကြော်

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၁၀ ကျပ်သား

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ရေ  –  ၅ ကျပ်သား

မျှစ်  –  ၃ ချောင်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ရှမ်းနံနံ  –  ၂ ပင်

ခရမ်းသီးမီးဖုတ်ငရုတ်သီးသုပ်

ပါဝင်ပစ္စည်းများ

ခရမ်းသီး  –  ၁ လုံး

ငရုတ်သီး  –  ၅ တောင့်

ကြက်သွန်နီ  –  ၁ ဥ

မြေပဲမှုန့်  –  စတီးဇွန်း ၁ ဇွန်း

ပဲဆီ  –  ၂ ကျပ်သား

ဆား/အရသာမှုန့်  –  အနည်းငယ်စီ

နှမ်းစေ့/ကြက်သွန်ကြော်  –  အနည်းငယ်စီ

ငါးခူငါးပိကောင်ချက်

ပါဝင်ပစ္စည်းများ

လယ်ငါးခူ  –  ၂၀ ကျပ်သား

ဆား  –  ၅ ကျပ်သား

ဆီ  –  ၂၀ ကျပ်သား

ကြက်သွန်နီ  –  ၁ ဥ

ကြက်သွန်ဖြူ  –  ၁ ဥ

ငရုတ်ပွ  –  ၃ တောင့်

ကိုင်းခရမ်းချဉ်သီး  –  ၅ လုံး

ကြက်သွန်မြိတ် (သို့) နံနံပင်  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

Facebook Comments