မိတ်အင်ဒီတင် ချက်ဖို့ပြင်

by နန်းစန်းစန်းအေး for Food Magazine

          ဒီဇင်ဘာလမှာတော့  ဆရာမနန်းစန်းစန်းအေးက

“ချောင်းပုစွန် ဆင်ခရမ်းချဉ်သီးချက်” အပါအဝင်  ဟင်းလျာ အတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –

၁။       ငါးစင်ရိုင်းအိုးကပ်၊ ဒန့်သလွန်ပဲကုလားဟင်း၊ ဟင်းနုနယ်ရွက်ကြော်၊ မန်ကျည်းသီးထောင်း။

၂။       အမဲသားစဉ်းကောမဆလာချက်၊ အာလူးအမျှင်ကြော်၊ ချဉ်ပေါင်ခါးဟင်းရည်၊ ငရုတ်သီးစိမ်းထောင်း။

၃။       ချောင်းပုစွန်ဆင်ခရမ်းချဉ်သီးချက်၊ အောင်မဲညိုအရွက်ကြော်ချက်၊ ငါးအိုက်ခြောက်ဖုတ်၊ ပဲပုပ်ခရမ်း ချဉ်သီးထောင်း။

၎။       ဝက်ကလီစာအချိုချက်၊ ဂေါ်ရခါးသီးဂျူးမျှစ်ချဉ်ရည်၊ ပဲပြားပဲပင်ပေါက်သုပ်၊ ပုစွန်ခြောက်ငါးပိကြော်။

၅။       ဘဲဥငါးပုပ်ခြောက်ချက်၊ ပြောင်းဖူးထောင်းကြော်၊ မုန်ညင်းဖူးဟင်းရည်၊ ကိုင်းခရမ်းချဉ်သီးထောင်း။

၆။       ကဏန်းလက်မကြော်၊ ကြက်ရိုးဘူးသီးစပါးလင်ချက်၊ ဆေးမြင်းခွာရွက်သုပ်၊ ငရုတ်သီးစိမ်းငါးပိထောင်း။

၇။       ပြည်ကြီးငါးချဉ်စပ်၊ ပဲကြီးနှပ်၊ ဖရုံညွှန့်ဟင်းရည်၊ ငါးပိသုပ်၊ အတို့စုံ။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ချောင်းပုစွန်ဆင်ခရမ်းချဉ်သီးချက်၊ အောင်မဲညိုအရွက် ကြော် ချက်၊ ငါးအိုက်ခြောက်ဖုတ်၊ ပဲပုပ်ခရမ်းချဉ်သီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

 

မိတ်အင်ဒီတင်  ချက်ဖို့ပြင်

          “ရော့… ဩစီကလာတဲ့ အဒေါ်ပေးတဲ့ မိတ်ကပ်ဘူး”

          “သုံးရချေသေးရဲ့ ၊ မိတ်အင်ဩစတြေးလျတို့ ဘာတို့ သုံးဖူးသွားတာပေါ့”

          “ဈေးကြီးတယ်နော်။ ဒေါ်လှ ၅၀၊ ၆၀ လောက် ပေးရမှာ”

          “ဟိဟိ… အစ်မရဲ့  မိတ်ကပ်ဘူးခွံကို သေသေချာချာ ကြည့်လိုက်စမ်းပါဦး။ မိတ်အင် ချိုင်းနားတဲ့”

          “ဟယ်… ဘူးလေးက လှတပတနဲ့ မထင်ရဘူးတော့”

          “ရပါတယ်အစ်မရယ်… အဒေါ့်ရဲ့ပေးချင်တယ်ဆိုတဲ့ စိတ်စေတနာကိုပဲ ယူလိုက်ရအောင်ပါ။ မကြိုက်တော့ရော ပေးစရာအလုပ်သမားတွေပုံလို့”

          “ဟုတ်တယ်… တူမတွေချည်းပဲကို အယောက် ၃၀ လောက်ဆိုတော့ စေ့စေ့ငငဖြစ်ဖို့ မလွယ်လှဘူး။ ပေးခါမှပဲ ဘာမိတ်ဖြစ်ဖြစ် သုံးမယ်ဟယ်… ဒါနဲ့ ဒီမိတ်ကပ် သနပ်ခါးနဲ့ တည့်ပါ့မလား”

          “တို့အစ်မနဲ့တော့ပြဿနာပဲ။ နိုက်(ခ်)ကရင်ဆိုတာ မျက်နှာသစ်ပြီး ညအိပ်ခါနီး လိမ်းရမှာ။ အသားအရေကို အားဖြည့်ပေးတယ်တို့ ဘာတို့”

          “ပိုကောင်းတာပေါ့။ တစ်ခါမှတောင် မလိမ်းဖူးဘူး။ ဒါနဲ့ ညီမလေးရော ဘာတံဆိပ်နဲ့ ဘာမိတ်ကပ်လိမ်းလဲ”

          “ဘာမှမလိမ်းဘူး။ လွယ်လွယ်ရတဲ့ တစောင်းလက်ပတ်နဲ့ ပွတ်တယ်။ စိတ်လိုလက်ရရှိရင် ကြက်ဥအကာနဲ့ ပျားရည်ရောလိမ်းတယ်။ သခွားသီးတွေ အကွင်းအကွင်း လှီးပြီး ကပ်တယ်။ သူများလက်ဆောင်ပေးတဲ့ မျက်နှာ ကပ်ခွာတွေ ဘာတွေ ကပ်တယ်ပေါ့ အစ်မရာ”

          “မသိပါဘူး။ တကယ့်ဈေးကြီးနာချည်းတွေများ လိမ်းသလားလို့”

          “မထင်ရဘူးမဟုတ်လား။ ညီမက ဆား၊ အချို၊ အဆီ အမြဲလျှော့စားတယ်။ ရေများများသောက်တယ်။ အသီးအနှံတွေစားတယ်။ လေ့ကျင့်ခန်းယူတယ်”

          “ဒါကြောင့် သမီးအကျ အင်္ကျီတွေဝတ်ပြီး အမြဲ လန်းနေတာကိုး”

          “အစ်မပြောခါမှပဲ အသစ်ကလေးဘာလေး ဝယ်ဝတ်ဦးမှပါ။ အခုတော့ ထမင်းစားကြရအောင်ပါ”

          “ဘာဟင်းတွေ ချက်ထားလဲ”

          “လက်သန်းဖျားလောက်ရှိတဲ့  ချောင်းပုစွန်လေး တွေကို  ဆင်ခရမ်းချဉ်သီးနဲ့ ချက်တယ်။ ပြီးတော့ အခု ခေတ်စားနေတဲ့ အောင်မဲညိုအရွက်၊ အပွင့်လေးတွေ ကြော်ချက်လေး ချက်တယ်။ ကြက်သွန်ဖြူများများနဲ့ ကိုင်းခရမ်းချဉ်သီးထောင်းမယ်။ မမပါလို့ ငါးအိုက် ခြောက်လေးဖုတ်၊ ပဲဆီလေးဆမ်းဆိုရင် မကောင်းလား”

          “ကောင်းမှ ကောင်းပေါ့”

          ဒါဆိုချက်တော့မယ်။ ပုစွန် ၂၀ ကျပ်သားကို အခွံတွေ အကုန်ခွာ၊ ခေါင်းက ချေးထုတ်၊ ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့် နည်းနည်း၊ အရသာကို ဇွန်း သုံးပုံတစ်ပုံ ထည့်နယ်မယ်။ ချက်မယ့် အိုးထဲ ဆီ ၅ ကျပ်သားထည့်ပြီး ကြက်သွန်ဖြူနှစ်ဥနဲ့ ငရုတ်သီးပွသုံးတောင့် ရောထောင်းထားတဲ့ အဆာထည့် ကြော်မယ်။ အနံ့မွှေးပြီး ကြက်သွန်ဖတ်တွေ ဆီပေါ်တက်လာရင် ပုစွန်ထည့်မယ်။ ပုစွန်ကွေးပြီး အရောင်ပြောင်းအောင် ပြုတ်ပြီး ကြိတ်ခြေထားတဲ့ ဆင်ခရမ်းချဉ်သီးနှစ်လုံး ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းရင် ပုစွန်ဟင်းကျက်ပါပြီ။ အိုးချခါနီးမှာ အပေါ့အငန် အရသာအနေတော်မြည်းကြည့်ပေးပါမယ်။

          အောင်မဲညိုအရွက်၊ အပွင့်ကြော်ကတော့ ဆီ စတီးဇွန်းတစ်ဇွန်းထဲကို ကြက်သွန်နီတစ်ခြမ်း နုပ်နုပ် စဉ်းထည့်၊ ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်နဲ့အတူ သန့်စင်ထားတဲ့ အရွက်၊ အပွင့်လေးတွေထည့်ပြီး ဆား၊ အရသာ အနေတော်ဖြည့်ပေးပြီးရင် အရွက်ကြော်လေး ရပါပြီ။ နူးညံ့တဲ့ အရွက်၊ အပွင့်လေးတွေမို့  ခဏအတွင်းမှာ ကျက်ပါတယ်။ အရည်ကြိုက်ရင် ရေထည့်ပေးလို့ရပါတယ်။ အပွင့်လေးတွေပါလို့ ခရမ်းရောင် အရည်သောက်ဟင်း ဖြစ်ပါတယ်။

          ကိုင်းခရမ်းချဉ်သီးထောင်းအတွက် ခရမ်းချဉ်သီး သုံးလုံးကို ကျက်အောင် မီးဖုတ်၊ ငရုတ်သီးငါးတောင့်၊ ကြက်သွန်ဖြူသုံးမြွှာ၊ ဆားနည်းနည်းနဲ့ ရောထောင်းလိုက်ပါ။ နံနံပင်၊ ကြက်သွန်မြိတ်အမျိုးမျိုးခတ်ရင် ပြည့်စုံပါပြီ။ လေးလေးပင်ပင်ကြိုက်တတ်ရင်တော့ ပဲပုပ်မီးကင်တစ်ဖဲ့ (သို့) ငါးပိမီးကင် အနည်းငယ် ပေါင်း ထည့်ပေးပါ။

          ငါးအိုက်ခြောက်အတွက် ငါးအိုက်အကောင်ကြီး လတ်လတ်ဆတ်ဆတ်တွေကို ခေါင်းဖြုတ်၊ နှစ်ခြမ်းခွဲပြီး သုံး၊ လေးနာရီ ဆားရေစိမ်။ နေပြင်းပြင်းမှာ နှစ်နေလှမ်း လိုက်ရင် ငါးအိုက်ခြောက်ရပါမယ်။ မီးအနေတော်မှာကင်၊ ရွရွထုပြီး ဆီဆမ်းရင် တကယ့်ငါးခြောက်အရသာနဲ့ ယင်မနားစာ၊ အရောင်လုံးဝမပါတဲ့ အိမ်လုပ်ငါးခြောက်ပါ။ အသားများတဲ့ မည်သည့်ငါးမျိုးကိုမဆို လုပ်လို့ရပါတယ်။

          ဘယ်မိတ်တွေ ဘယ်လိုကောင်းကောင်း  ကိုယ်တိုင် လုပ်တာထက် ပိုမကောင်းနိုင်ပါဘူး။ အစားအစာအတွက် စိတ်ချရတဲ့ ကိုယ်တိုင်လုပ်တွေ သုံးရင်း ချက်ကြည့်ဖို့ ဟင်း အချို့ပါ။

နန်းစန်းစန်းအေး

အဓိပတိ

မြန်မာအစားအစာ

အမြန်လမ်းမိုင်တိုင် ၁၁၀/၅ ဖာလုံ

ဖြူးမြို့

ချောင်းပုစွန် ဆင်ခရမ်းချဉ်သီးချက်

ပုစွန်  –  ၂၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အရသာမှုန့်  –  အနည်းငယ်

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၂ ဥ

ငရုတ်သီးပွ  –  ၃ တောင့်

နနွင်းမှုန့်  –  အနည်းငယ်

ဆင်ခရမ်းချဉ်သီး          –         ၂ လုံး

အောင်မဲညိုအရွက်ကြော်ချက်

အောင်မဲညိုပန်း

ဆီ  –  စတီးဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၁ ခြမ်း

ပုစွန်ခြောက်မှုန့်  –  လက်တစ်ဆုပ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ကိုင်းခရမ်းချဉ်သီးထောင်း

ခရမ်းချဉ်သီး  –  ၃ လုံး

ငရုတ်သီး  –  ၅ တောင့်

ကြက်သွန်ဖြူ  –  ၃  မြွှာ

ဆား  –  အနည်းငယ်

Facebook Comments