မာဘယ်ဝက်သား ချဉ်ပေါင်အရည်သောက်

by My Foodies for Food Magazine

          မာဘယ်သားဆိုတာ အသားထဲမှာ အဆီပြင်လေးတွေ ရောနေတာ မာဘယ်ကျောက်သားလို ပုံစံလေးဖြစ်နေလို့ ခေါ်တာပါ။ နောက်တစ်ခုက ဝက်သားဝယ်တဲ့အခါ တစ်ခါ တလေ ဂျင်းထည့်ခံရတတ်တယ်။ ဆိုလိုတာက အဆီတွေများ ပြီး အသားနည်းတဲ့ အပိုင်းတွေ သုံးထပ်သားဝယ်တဲ့အခါ ကြုံရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် ဒီဟင်းရည်သောက်လေး ချက်လိုက်ပါ။ ပြီးခဲ့တဲ့နှစ်တွေက ဟင်းအနေနဲ့ ဝက်သားသုံးထပ်သားနဲ့ ချဉ်ပေါင်ကို ချက်ပြဖူးပါတယ်။ ဒီတစ်ခေါက်က ပူစပ်စပ် အရည်သောက် ဟင်းချို ပုံစံလေးပါ။ ကျွန်တော့်နည်းမှာတော့ မကပ်အသားကိုပဲ သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

ချဉ်ပေါင်  –  ၁ စည်း (ခြွေပြီး)

ကြက်သွန်နီ  –  ၁ ဥ (ပါးပါးလှီးပြီး)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းပြီး)

အရောင်တင်မှုန့်  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ဝက်သား သုံးထပ်သား  –  ပန်းကန်တစ်လုံးစာ (တုံးလှီးပြီး)

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီးစိမ်း  –  ၃ တောင့် (ခြမ်းပြီး)

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သား သုံးထပ်သားများကို ငံပြာရည်နှင့်နယ်ပြီး နှပ်ထားပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီအနည်းငယ်နှင့် ဆီသတ်ပြီး နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့် မွှေပါ။

၃။       ဝက်သားများထည့်ပြီး အသားတင်းလာအောင် မွှေပါ။ အသားတင်းလာလျှင် ချဉ်ပေါင်ရွက်များထည့်ပြီး ရေနွေးထည့်တည်ပါ။ ငါးပိစိမ်းစားထည့်ပါ။ နောက်ဆုံးမှာ ငရုတ်သီးစိမ်းများနှင့် နံနံပင်ထည့်ပြီး အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments