မရန်းသီးနှင့် ပုစွန်ခြောက် ငရုတ်သီးခွဲကြမ်းကြော် (Marian with Dried Shrimp and Chili Flake Fried)

by Syi Lwin Foods Garden for Food Magazine

          ထမင်းစားရင် တစ်ခုခုလိုနေတာလေးကို မရန်းသီးနှင့် ပုစွန်ခြောက် ငရုတ်သီးခွဲကြမ်းကြော်ကို တို့စရာစုံလင်စွာနဲ့ ထမင်းစားသုံးရင် မြိန်ယှက်စေပါတယ်။ မရန်းသီးချစ်သူများအတွက် ကြော်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ရေ  –  ၁ ခွက်

မရန်းသီး  –  ၁၀ ကျပ်သား (အစေ့ထုတ်၊ပြီး ပါးပါးလှီးထားပါ)

နေကြာဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၈ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးခွဲခြမ်း  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး (ညက်အောင် ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ညက်အောင် ထောင်းထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဒယ်အိုးထဲ ဆီ၊ နနွင်းမှုန့် ထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်၍ ကြက်သွန်နွမ်းတဲ့အထိ တည်ပါ။ ပြီးလျှင် စိမ်းစားငါးပိ ထည့်ပြီး ကြော်ပါ။ မွှေးပြီးကျက်လျှင် ငရုတ်သီးခွဲခြမ်းနှင့် ငံပြာရည်များထည့်ပြီး ငရုတ်သီးခွဲခြမ်းကျက်လျှင် ပုစွန်ခြောက်မှုန့်ထည့်ပြီး တည်ပါ။

၂။       မရန်းသီးများထည့်ပြီး အစိမ်းနံ့ပျောက်တဲ့အထိ သေချာမွှေကြော်ပါ။ မရန်းသီးများ နွမ်းပြီး အရောင်ပြောင်းလာလျှင် ကျန်ပါဝင်ပစ္စည်းများထည့်ပြီး သေချာမွှေပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ပဲဟင်း၊ ထမင်းဖြူ၊ တို့စရာစုံလင်စွာဖြင့် စားသုံးလျှင် အလွန်လိုက်ဖက်ပါတယ်။

Facebook Comments