
1 - December - 2017
by My Foodies for Food Magazine
မန်ချူးရီးရန်းကြက်သားကြော်ကို စိတ်ကြိုက်အသားတွေနဲ့ အစားထိုး ကြော်စားကြည့်ပါ။ နှစ်သက်စရာကောင်းတဲ့ ချဉ်စပ် အခြောက်ကြော်နည်းတစ်မျိုးဖြစ်ပါတယ်။
အသားကြော်ရန်
ကြက်သား (သို့) ဝက်သား – ၂၀ ကျပ်သား (အသားချည်း လွှာပြီး)
ဆား – အနည်းငယ်
ငရုတ်ကောင်း – အနည်းငယ်
ဆီတိုဟူးမှ ဆီ – စားပွဲဇွန်း ၁ ဇွန်း
ဂျုံ – စားပွဲဇွန်း ၂ ဇွန်း
ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ (အကြွပ်ကြော်ရန် လုံလောက်သောပမာဏ)
နှမ်းဆီမွှေး – အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အသားလွှာများကို ဆား၊ ငရုတ်ကောင်းနှင့် ရောနယ်ပြီးမှ ဆီတိုဟူးမှ ဆီနှင့် ဆက်ပြီး နယ်ပါ။
၂။ ဆီအိုးအပူပေးထားစဉ် ဂျုံနှင့် ကော်မှုန့် သမအောင်ရောမွှေထားပါ။ အသားပြားများကို ကပ်ထားပါ။
၃။ ဆီဆူလျှင် မီးတစ်ဝက်လျှော့ချပေးပြီး အသားပြားများ ရွှေဝါရောင် သန်းလာသည် အထိ ကြော်ပေးပါ။ ကြော်နေစဉ် နှမ်းဆီမွှေး အနည်း ငယ်ကို ဆီအိုးထဲ အစက်လိုက် ချပေးပါ။ ဆီစစ်ထားပါ။
ပါဝင်ပစ္စည်းများ
ကြက်သွန်နီ – ၁ ဥ (၈ စိတ်စိတ်ပြီး အဖတ်ခွာထားပါ)
ငရုတ်ပွစိမ်း – ၁ လုံး (အစေ့ထုတ်ပြီး ၈ စိတ်စိတ်ထားပါ)
ဝက်သားကြော်ပြီးသား ဆီနှင့် ဆီပူပူမှာ ၁ မိနစ်ကြော်ပြီး ပြန်ဆယ်ယူကာ ဆီစစ်ထားပါ။
ချဉ်စပ်အနှစ်ချက်ရန်
ချင်း – ၁ တုံး (စဉ်းပြီး)
ကြက်သွန်ဖြူ – ၃ မြွှာ (စဉ်းပြီး)
ခရမ်းချဉ်သီး – ၁ လုံး (စဉ်းပြီး)
ငရုတ်သီးစိမ်းအမှည့် – ၄ တောင့် (ခြမ်းပြီး )
ရှလကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၁ ဇွန်း
ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – ၂ ပင် (ပါးပါးလှီးပြီး)
နှမ်းဆီမွှေး – အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဝက်သားကြော်ထားပြီးသား ဆီအနည်းငယ်ကို အပူပေးပြီး ကြက်သွန်ဖြူ၊ ချင်းနှင့် ဆီသတ်ပါ။
၂။ ခရမ်းချဉ်သီးများ ထည့်ပေးပြီး မီးပြင်းပြင်းနှင့် ရေခန်းသွားအောင် မွှေကြော်ပေးပါ။
၃။ ငရုတ်သီးအခြမ်းများထည့်ပါ။ လိုအပ်လျှင် ရေနွေးအနည်းငယ်ထည့်ပါ။
၎။ ငရုတ်သီးတောင့် ခြမ်းပြီးသားများ ထည့်မွှေပေးပြီး ပဲငံပြာရည်နှင့် ခရုဆီထည့်ပါ။ ရှလကာရည် ထည့်ပါ။ အရည်စပ်စပ်ကျန်အောင် ရေနွေး အနည်းငယ်ထည့်ပေးပြီးလျှင် အဆင်သင့်ကြော်ထားသော ဝက်သားပြားများ၊ ကြက်သွန်နီနှင့် ငရုတ်ပွများ ထည့်မွှေပေးပါ။ နှမ်းဆီမွှေး အနည်းငယ်ထည့်မွှေပြီး ကြက်သွန်မြိတ်များ ဖြူးပေးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။