မင်္ဂလာဆောင်သွားရင်း စားမဲ့ဟင်း

Adipadi_2

Adipadi_3

Adipadi_4

            ဖေဖော်ဝါရီလမှာတော့ ဆရာမ ဒေါ်နန်းစန်းစန်းအေး က ‘ ပုစွန်အာလူးဆီပြန်’ အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။

အဆိုပါ ဟင်းလျာအတွဲအစပ် များကတော့ –

၁။        ဖားသားဆီပြန်၊ မှိုဆန်လှော်ဟင်း၊ ကင်ပွန်းချဉ်ရွက်ကြော်၊ ငရုတ်သီးအစိမ်းထောင်း

၂။        ဘဲဥမုန့်နို့ဆီပြန်၊ ကြက်ခြေထောက်သုပ်၊ ကန်စွန်းရွက်ချဉ်ရည်၊ ငရုတ်သီးအစိမ်းထောင်း

၃။        ပုစွန်အာလူးဆီပြန်၊ မုန်လာဥသုပ်၊ ဒန့်သလွန်ရွက်ဟင်းချို၊ ပဲပုပ်ချက်၊ ပဲသီးစုံအတို့

၎။        အမဲဝမ်းတွင်းသား စပါးလင်ချက်၊ နှမ်းဖက်ချဉ်သုပ်၊ ရွှေပဲသီးပန်းစိမ်းကြော်၊ ရေကြိုငါးပိဖုတ်

၅။        ငါးမွှေတိုးမီးကင်ချက်၊ ပိန်းဥချဉ်ပေါင်ဟင်း၊ ငါးပိပုစွန် ခြောက်ကြော်၊ သခွားသီး အတို့

၆။        ဝက်သုံးထပ်သား ပုန်းရည်ကြီးဟင်း၊ ရှောက်သီးသုပ်၊ ပဲကြီးဟင်းရည်၊ ငရုတ်သီးကြော်ထောင်း

၇။        ကြက်ပေါင်ကြော်၊ ခရမ်းချဉ်သီးငရုတ်ပွဆီပြန်၊ ပဲလိပ်ပြာနှပ်၊ ငါးပိချက်တို့စရာတို့ ဖြစ်ပါတယ်။

            အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ပုစွန်အာလူးဆီပြန်၊ မုန်လာဥသုပ်၊ ဒန့်သလွန်ရွက်ဟင်းချို၊ ပဲပုပ်ချက်၊ ပဲသီးစုံအတို့ တို့ကို တင်ဆက်ပေးလိုက်ပါတယ်။

မင်္ဂလာဆောင်သွားရင်း စားမဲ့ဟင်း

            ‘မင်္ဂလာဆောင်သွားမယ်ဆို အခုဘယ်သွားမလို့လဲ’

            ‘လမ်းထိပ်မုန့်ဟင်းခါးသွားစားမလို့’

            ‘မင်္ဂလာဆောင်ကကျွေးမဲ့ကိစ္စ ဘယ်လိုဖြစ်လို့ မုန့် ဟင်းခါးလဲ’

            ‘အဲဒီက ကျွေးတဲ့ဟာတွေကို မုန့်ဟင်းခါးလောက် မကြိုက်လို့ . . . မုန့်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်၊ ဘယ်လိုအတွဲအစပ်မှန်းကို မသိဘူး’

            ‘အဲဒါတွေကို ဒေါ်လာနဲ့ ရှင်းရတာ၊ ဈေးပြောက တည်း က ဒေါ်လာလေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ် . . . ‘

            ‘မြန်မာငွေနဲ့ဆို ခြောက်သောင်း၊ ခုနစ်သောင်း၊ ရှစ် သောင်း၊ အဲ့ဒီလိုတွေဖြစ်မှာပေါ့။ နှမြောစရာကောင်းလိုက် တာ’

            ‘တို့တွေ လက်ထပ်ဖို့ဆို ဒီလိုမလုပ်ဘဲ၊ ကုန်ကျမဲ့ငွေ အားလုံးကို ဆာလောင်နေမဲ့သူတွေကျွေးပြီး ရိုးရိုးရှင်းရှင်း ရုံးမှာပဲလက်ထပ်ကြရအောင်။

            ‘အေးပါ။ ပြောထားပါ။ နောက်မှ တစ်သက်မှ တစ်ခါ လုပ်ရတာလေး ဘာလေးနဲ့ မြင်ယောင်ပါသေးတယ်’

            ‘ကဲပါ . . . လက်ထပ်မဲ့လူက ရှာမတွေ့သေးဘူး။ ကြိုတွေးပြီး စိတ်ပူနေပြန်ပါပြီ။ အခု မင်္ဂလာဆောင်က ပြန်လာရင်လည်း၊ ထမင်းစားအုန်းမှာပဲ။ မဟုတ်လား’

            ‘စားမှာ ထမင်းမှမစားရရင် အာသာကိုမပြေဘူး။ ငါး ငါးပိရည်လေးဖျော်၊ ဘူးသီးကြော်၊ ပဲကပ်ကြော်လေးနဲ့ စားလည်းဖြစ်တယ်။ ပဲပုပ်နဲ့ခရမ်းချဉ်သီးလေးချက်၊ ခြံစည်း ရိုးက ပဲစောင်းလျားသီးလေးခူးပြီး တို့လည်းရတယ်။ လက်ဖက်နဲ့ထမင်းနဲ့နယ်၊ မြေပဲလှော်၊ ပုစွန်ခြောက်နှစ်ကောင်သုံးကောင်နဲ့လည်း စားမယ်။ ငါးခြောက်ဖုတ်ပြီး ပဲထမင်းဆီဆမ်းစားလည်း ရသေးတယ်’

            ‘ထမင်းကိုပဲ ဘိန်းစွဲသလိုစွဲနေတဲ့ မိန်းမ၊ ထမင်းမရှိတဲ့တိုင်းပြည်ရောက်ရင် ဒုက္ခရောက်မယ်’

            ‘ထမင်းစွဲလို့ ဘာမှမဖြစ်ဘူး။ ဘိန်းစွဲရင် ရာဇဝတ်မှုဖြစ်မှာပြီး ထမင်းမရှိတဲ့ တိုင်းပြည်လည်း မသွားဘူး။’

            ‘အေးပါ။ အေးပါ။ ထမင်းကို ဟိုဟာနဲ့နယ်၊ ဒီဟာနဲ့ ရောပြီး စားမယ်ဆိုတဲ့ မိန်းမ၊ နေ့လယ်စာကို ဘာနဲ့နယ်စား မလဲ’

            ‘ဈေးဝယ်ခဲ့တယ်လေ။ ပုစွန်ကို အာလူးလေးနဲ့ချက်၊ မုန်လာဥကို ငါးပိနဲ့သုပ်၊ ဒန့်သလွန်ရွက်ဟင်းချို၊ ပဲပုပ်ချက်၊ ပဲသီအစုံနဲ့တို့ . . .’

            ‘နည်းနည်းပဲ’

            ‘မချက်ချင်နေလေ၊ ပြန်လာရင်ချက်မယ်။ ပြောနေ ကြာပါတယ်။ အချိန်တွေရှိနေတာပဲ အခုချက်လိုက်မယ်’

            ‘ပုစွန် နှစ်ဆယ်သား၊ အာလူးနှစ်လုံး၊ ကြက်သွန်နီ တစ်ဥ၊ ခရမ်းချဉ်သီးတစ်လုံး၊ ကြက်သွန်ဖြူတစ်ဥ၊ ငရုတ်ပွနှစ်တောင်၊ ဆီငါးကျပ်သား၊ ဆား၊ အရသာ အနည်းငယ်စီ ဆို ရပါပြီ။

            အရင်ဆုံး ပုစွန်အခွံခွာ၊ ခေါင်းက အညစ်အကြေးနဲ့ ချေးကြောင်းတွေထုတ်ပြီး ရေစင်စင်ဆေး ဆား၊ အရသာ နယ်ထားပါမယ်။

            ချက်မည့်အိုးထဲ ဆီထည့်ပြီး ရောထောင်းထားတဲ့ ကြက်သွန်အဖြူ၊ ငရုတ်သီးတွေ ဆီသတ်မယ်။ ကြက်သွန်ဖတ်တွေ ရွှေရောင်တောက်လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ဆမ်းပြီး ဆီပြန်လာရင် နယ်ထားတဲ့ ပုစွန်ထည့် မယ်။ ပုစွန်ကွေးပြီး အရောင်ပြောင်းသွားရင် ပြုတ်ပြီး အဝိုင်းပြားလှီးထားတဲ့ အာလူးထည့် မယ်။ ဆားအရသာ၊ နည်းနည်းစီထပ်ဖြည့်ပြီး ပွက်ဆူလာရင် ပုစွန်အာလူး ကျက်ပါပြီ။ ဟင်းတွေထဲမှာ အကျက်မြန်ဆုံးဟင်းက ပုစွန်ဟင်းပါပဲ။

            မုန်လာဥသုပ်အတွက် ရှမ်းမုန်လာဥအကြီးတစ်လုံး။ အခွံပါးပါးခွာပြီး၊ ခြစ်တံနဲ့ ခြစ်မယ်။ ခြစ်တံမရှိရင် အချောင်းလေးတွေ ဖြစ်အောင်လှီးမယ်။ ရေစင်စင်ဆေးပြီး၊ ရေခဲ ရည်ထဲ ခဏစိမ်ထားပါမယ်။ စားခါနီးရင် ငါးပိတင်၊ ပုစွန် ခြောက်မှုန့်၊ ငရုတ်သီးအစိမ်းအမှည့်၊ ဆား၊ အရသာ၊ ရှောက်သီးတစ်စိတ်၊ အနေတော်ဖြစ်အောင် ထည့်ပြီး နယ်လိုက်ရင် မုန်လာဥသုပ်ရပါပြီ။ ချဉ်ငန်စပ်အရသာနဲ့ပါ။

            ဒန့်သလွန်ရွက်ဟင်းချိုအတွက် ရေတစ်လီတာဝက်ထဲကို ကြက်သွန်ဖြူ ငါးတက် ဓားပြားရိုက်ထည့်ပြီး ငါးခူမီးကင်တစ်ကောင် အသားမျှင်ထည့်ပါ။ ပွက်ပွက်ဆူအောင် တည်ပြီး၊ စားခါနီးရင် ဒန့်သလွန်ရွက်တစ်စည်း ရေစင်စင်ဆေး ခပ်လိုက်ရုံပါပဲ။ ဆား၊ အရသာကတော့ မပါမဖြစ် အနေတော်ဖြစ်အောင် ထည့်ပါ။

            ပဲပုပ်ချက်အတွက် ရှမ်းပဲပုပ်မှိုရောင်လေးပါပြီး နူးအိ နေတဲ့ ပဲပုပ် သုံးကျပ်သား၊ ခရမ်းချဉ်သီး သုံးလုံး၊ ကြက်သွန်ဖြူ နီ ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်၊ ဆီပြန်လာရင် ပဲပုပ်ထည့်၊ ဆား၊ အရသာပါထည့်ပြီး ဆီပြန်လာရင် ငရုတ်သီးစိမ်း အတောင့်လေးခတ်လိုက်ပါ။ ပဲပုပ်ချက်ရပါပြီ။ အမေ့ရွာမှာဆိုရင်တော့ ခြံစည်းရိုးမှာ နွယ်တက်နေတဲ့ ပဲစောင်းလျားသီး၊ ပဲတောင့်ရှည်လေးတွေ ခူးပြီးတို့ရုံပါပဲ။ ဒီမှာတော့ ဈေးထဲကဝယ်လာတဲ့ ပဲသီးကိုပဲ ရေစင်စင်ဆေးပြီး တို့ဖို့၊ လတ်ဆတ်တဲ့ ဂေါ် ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂျူးမြစ်၊ ကြက်သွန်မြိတ်တွေနဲ့လည်း လိုက်ဖက်ပါတယ်။

            ဘယ်မင်္ဂလာဆောင်မှ မသွားဘဲ အခုချက်ပြီးတဲ့ ဟင်းကို ပူပူနွေးနွေး စားလိုက်ချင်တာပါ။ အသားငါးတွေကလည်း လတ်ဆတ်ပြီး သုံးတဲ့ အသီးအနှံတွေကလည်း အော်ဂဲနစ် အသီးအနှံဆို ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ကိုယ်တိုင်အိမ်မှာ ချက်စားတဲ့ အကျိုးရလာဒ်တွေက ပြောမကုန်ပါဘူး။

            နှစ်သစ်မှာ လူတိုင်းလွတ်လပ်ပျော်ရွှင် အစားရေစာ ဝဝလင်လင် စားသုံးနိုင်ပါကြပါစေ။

ဒေါ်နန်းဆန်းဆန်းအေး

အဓိပတိ (ဖြူး)

Facebook Comments