ဘဲသားဆီပြန်

by Meemeetofu for Food Magazine

          ဆူဖြိုးနေတဲ့ ဘဲသားကို ဟင်းချက်တဲ့အခါ  အဆီကြောင့် ဘဲသားဟင်းက အရသာ ရှိပါတယ်။ ကြက်သားလို အသားပွပွမဟုတ်ဘဲ တင်းတင်းရင်းရင်းနဲ့ အရသာအပြည့် ရှိတယ်။ ဟင်းချက်ပြီးချိန်မှာ ဆီတွေအများကြီးထွက်လာလို့ အဲဒီဆီတွေကို ခပ်ပြီး ဖယ်ထားတယ်။ များသောအားဖြင့် အသုံးမပြုဘဲ ပစ်လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ အသီးအရွက်ကြော်တဲ့အခါ၊ ထမင်းချက်တဲ့အခါမျိုးတွေမှာ ထည့်သုံးရင် အနံ့အရသာ ကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်းများ

ဘဲသား  –  ၄၀ ကျပ်သား

ကြက်သွန်နီ  –  ၃ လုံး

ချင်း   –  ၄ ပြား (ပါးပါးလှီး)

ကြက်သွန်ဖြူ  –  ၅ မြွှာ

ပဲငံပြာရည်အကျဲ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  အနည်းငယ် (ထည့်လိုပါက)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ငရုတ်သီးအရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  သင့်ရုံ

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  စားပွဲဇွန်း ၁ ဇွန်း

ကုလားမဆလာ  –  အနည်းငယ်

နာနတ်ပွင့်  –  ၂ ပွင့်

ပြုလုပ်နည်း

၁။       ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ညက်အောင် ထောင်းထားပါ။

၂။       ဘဲသားကို သန့်စင်ဆေးကြောပြီး နှစ်သက်ရာအရွယ် တုံးထားပါ။

၃။       အသင့်ထောင်းထားတဲ့ ဟင်းခတ်များထည့်ပြီး နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပါ။ ဆား၊ ငံပြာရည်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့်တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။

၎။       ဘဲသားချက်မည့်အိုးထဲ ဆီထည့်ပြီး  သကြားထည့်ပါ။ သကြား အမြှုပ်ထလာတဲ့အခါ ချက်ချင်းမီးလျှော့ပြီး ဘဲသားကိုထည့်ကာ အရောင်ညိုလာသည်အထိ ဟိုဘက် ဒီဘက် လှိမ့်ပေးပါ။ အရောင်ညီသွားတဲ့အခါ နာနတ်ပွင့်ထည့်ပါ။ မကပ်အောင်၊ မတူးအောင် မကြာခဏမွှေပေးပါ။ အသားကျစ်ပြီး ဆီပြန်လာတဲ့အခါ ရေပူထည့်ပါ။ မီးအေးအေးဖြင့် ချက်ပါ။ ဆီပြန်ရေကျန် အနေအထားရောက်လျှင် ကုလားမဆလာမှုန့် အနည်းငယ်ထည့်မွှေပါ။ အသားနူးပြီး ဆီပြန်လာသည်အထိ ချက်ပြီးလျှင် ဘဲသားဆီပြန်ဟင်း သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Facebook Comments