ဘာရီတို

by Meemeetofu for Food Magazine

          Breakfast Burrito လုပ်နည်းလေးပါရှင်။ အမေရိကန်မှာ ရောင်းနေတာတွေနဲ့ ချွတ်စွပ်တော့ မတူပါဘူး။ မမီးအကြိုက် အနည်းငယ်ပြောင်းလဲထားပါတယ်။ ဘာရီတိုလုပ်ရတာ လွယ်ပေမယ့် လိပ်ရတာမှာ အဆာများများထည့်ရတော့ ပထမဆုံးအနေနဲ့ လိပ်ရင် နည်းနည်းခက်ပါတယ်။

Tomato Salsa ပြုလုပ်နည်း

ပါဝင်သောပစ္စည်းများ

ခရမ်းချဉ်သီးမှည့်  –  ၁၀ ကျပ်သား

ဆား  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၃-၄ တောင့်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

သံပရာရည်  –  သင့်ရုံ

သကြား  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ခရမ်းချဉ်သီးကို မီးဖုတ်ထားပါ။ အအေးခံပြီးတဲ့အခါ အခွံနွှာပြီး ခြေထားပါ။

၂။       ငရုတ်သီးစိမ်းကို မီးဖုတ်ပြီး ပါးပါးလှီးထားပါ။

၃။       ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။

၎။       ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ရေဆေးကာ အတုံးသေးသေး လှီးထားပါ။

၅။       ဇလုံတစ်လုံးထဲ လှီးထားတာတွေ အကုန်ထည့်ပါ၊ ဆား၊ သကြား၊ ငံပြာရည်၊ သံပရာရည်ထည့်ပြီး ဖွဖွလေးနယ်ပါ။ အရသာကို မိမိနှစ်သက်သလို ပြုပြင်ပါ။

ပါဝင်သောပစ္စည်းများ

ကြက်ဥ  –  ၃ လုံး

ဆား  –  အနည်းငယ်

အသားကင်/အသားကြော်/ဟမ် – ၂ တုံး  (၂ လက်မပတ်လည်အရွယ် )

ဆီ  –  အနည်းငယ်

ထောပတ်သီး  –  ၁ ခြမ်း

Salsa (ဆော်ဆာ)  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ် (ကြိုက်လျှင် ထည့်ရန်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်သီးကို အခွံနွှာပြီး အမြှောင်း ၄ မြှောင်း လှီးထားပါ။

၂။       အသားကင်/ဟမ်တို့ကို အတုံးသေးသေး တုံးထားပါ။

၃။       Scramble Egg ကြော်ဖို့ ကြက်ဥ ၃ လုံးကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ပါ။

၎။       မကပ်သည့်အိုးထဲ ဆီပါလေရုံလေးထည့်ပြီး စက္ကူဖြင့် ဖြန့်သုတ်ပေးပါ။ မီးဖိုပေါ်တင်ပါ။ အိုးပူလာလျှင် မီးကိုလျှော့ပါ။ ကြက်ဥခေါက်ထားတာ ထည့်ပြီး မွှေကြော်ပါ။ ကြက်ဥကြော်က စိုစိုပွပွလေး ဖြစ်ရပါမယ်။ မာခြောက်ကြီး မဖြစ်စေရပါ။ ကြက်ဥကြော်ကို ခပ်ပြီး ဖယ်ထားပါ။

၅။       အိုးပူမှာ အသားတုံးများကို အိုးကင်းပူ တိုက်ပေးပါ။ ပြီးလျှင် ခပ်ပြီး ဖယ်ထားပါ။

၆။       မီးပိတ်ပြီး ဒယ်ပြားကို မီးဖိုပေါ်မှာ ဆက်ထားပါ။ ရေ အနည်းငယ်တောက်ပေးပါ။ တော်တီရာဖက်ခွံထည့်ပြီး ဖိကပ်ပေးပါ။ နောက်တစ်ဖက်လှန်ပေးပါ။ ဖက်ခွံ ပျော့ပျောင်းသွားလျှင် ပန်းကန်ပြားမှာ ထည့်ပါ။ ဖက်အလယ်မှာ ကြက်ဥကြော်၊ အသားနဲ့ ထောပတ်သီးတို့ကိုထည့်ပါ။ Salsa (ဆော်ဆာ) ထည့်ပါ။

၇။       လိပ်တဲ့အခါ တော်တီရာဖက်ခွံနဲ့ အဆာတွေကို ငုံမိသွားအောင် ဖုံးလိုက်ပါ။ ဘေးနှစ်ဖက်က တော်တီရာဖက်ခွံတွေကို အတွင်းဘက် ခေါက်ချပါ။

၈။       ပြီးလျှင် အဆာတွေကို ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ထိန်းပြီး လိပ်သွားပါ။ အလိပ်လေးရပြီဆိုလျှင် ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments