ဗိုလ်ကိတ်ပဲဘူးရိုးချဉ်ရည်ဟင်း

KTH_5

KTH_6

KTH_7

ဗိုလ်ကိတ်ပဲဘူးရိုးချဉ်ရည်ဟင်း

        ဒီတစ်လလည်းနောက်ထပ် သက်သတ်လွတ်ဟင်းဖြစ်တဲ့ ပဲဟင်းချက်နည်း တစ်မျိုးဝေမျှပေးချင်ပါတယ်။ ကျွန်တော်ငယ်ငယ်ကဆို အမေ့လက်ရာ ဒီပဲဟင်းကို ကြိုက်လွန်းလို့ ချက်ကျွေးဖို့ မကြာမကြာ ပူဆာခဲ့ရတာပါ။ ဘူးရိုးနဲ့ချက်တဲ့ အမေ့ရဲ့ နည်းက ဘူးရိုးရမှချက်ရတာ ဖြစ်ပေမယ့် အပင်စိုက်ဝါသနာပါတဲ့ အမေနဲ့ ကျွန်တော်စိုက်ထားတဲ့ဘူးပင်က အမြဲလိုခြံထဲရှိနေတတ်တာကြောင့် ဒီဟင်းကိုမကြာမကြာလည်း စားဖြစ်ခဲ့ပါတယ်။ ငယ်ဘဝကအမေ့လက်ရာအမှတ်တရလေးပေါ့။ ချက်နည်းလေးကြည့်ရအောင်… ။

►   ပါဝင်ပစ္စည်းများ

♦   ဗိုလ်ကိတ်ပဲ(ရေစိမ်ပြီးပြုတ်ထားပါ)   –   ၁ ခွက် (ထမင်းပေါင်းအိုးဆန်ချင်ခွက်)

♦   ဆီ   –   စားပွဲဇွန်း ၃ ဇွန်း

♦   ကြက်သွန်နီဥအသေး   –   ၄ လုံး

♦   ကြက်သွန်ဖြူ   –   ၂ တက်

♦   ချင်း   –   လက်မဝက်ခန့်

♦   နံနံပင်   –   ၄ ပင် (အရိုးပိုင်းနဲ့အရွက်များခွဲထားပါ)

♦   ငရုတ်သီးအရောင်တင်   –   စားပွဲဇွန်း ၁ ဇွန်း

(ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ နံနံပင်အရိုးပိုင်းများကို ညက်အောင် ထောင်းထားပါ)

♦   နနွင်းမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ဇီရာ (လှော်ပြီးထောင်းထားပါ)   –   အနည်းငယ်

♦   ဆား   –   စားပွဲဇွန်း တစ်ဝက်

♦   ဘူးရိုး (အမျှင်ထွင်ပြီး)   –   ပန်းကန်လုံး ၂ လုံးစာ

♦   ငရုတ်သီးစိမ်း (ထက်ခြမ်းခွဲထားပါ)   –   ၅ တောင့်

♦   မန်ကျည်းမှည့်ရည်   –   စားပွဲဇွန်း ၄ ဇွန်း

►   ပြုလုပ်နည်း

၁။    ဆီအိုးကိုအပူပေးပြီး ထောင်းပြီးသားအစာများကို ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပြီး ထောင်းထားသောဇီရာများ ထည့်ပါ။ ရနံ့မွှေးလာသည်အထိ မွှေပေးပါ။

၂။    အနံ့မွှေးပြီးအစာများခြောက်လာလျှင် ပြုတ်ထားသောပဲများနှင့် ဘူးရိုးများ ထည့်ပြီးမွှေပေးပါ။

၃။    ရေနွေးအနည်းငယ်ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။ ဟင်းရည်ဆူလာလျှင် ဆား၊ မန်ကျည်းရည်ထည့်ပြီး ပြန်ဆူအောင်တည်ပါ။ ငရုတ်သီးစိမ်း နှင့်နံနံပင်တို့ခတ် အရသာမြည်းပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

မှတ်ချက် – ဘူးရိုးနုလျှင် နောက်ဆုံးမှထည့်ပါ။

www.facebook.com/MY FOODIES (mm)

Facebook Comments