ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ/ငါးခေါက်ဆွဲ

မျှစ်ချဉ်ခေါက်ဆွဲ၊ ငါးခေါက်ဆွဲကို ဆိုဖီယာလည်း မစားဖူးလို့ မေးလာတဲ့ ညီမတွေကို ပြန်မတင်ပေးနိုင်ခဲ့သလို နီးစပ်ရာကို မေးပေမယ့် အတိအကျလည်း မသိရတော့ လုပ်မစားဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့အပတ်က အစိမ်းရောင်လွင်ပြင်က အစ်မတင်ထားတော့မှ ချက်နည်းလေး သေချာသိခဲ့ရပါတယ်။ ကိုယ်တိုင်လည်း အလွန်သိချင်၊ စားဖူးချင်နေတော့ ချက်စားကြည့်ပြီး ပို့စ်တင်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ ပြန်လည်မျှဝေခွင့်ပေးတဲ့အတွက် ကျေးဇူးပါ မချောရေ…။

ဗန်းမော်ငါးခေါက်ဆွဲအတွက် အဓိက ငါးနှင့် မျှစ်ချဉ် လိုအပ်ပါတယ်။ တာပိန်မြစ်နဲ့ ဧရာဝတီမြစ်နံဘေးမှာ တည်ရှိတဲ့ ဗန်းမော်မြို့လေးက ငါးပေါများတဲ့အတွက် ငါးနဲ့ချက်တဲ့ ခေါက်ဆွဲလေးဟာ အရသာထူးပြီး နာမည်ကြီး လူကြိုက်များတဲ့ဒေသစာလို့ ဆိုပါတယ်။ အလှမ်းဝေးလို့ မရောက်ရှိနိုင်တဲ့ ဒေသစာရဲ့ အရသာသစ်လေးကို မိတ်ဆွေတို့လည်း မြည်းစမ်းခွင့်ရဖို့  ချက်နည်းကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ (၄ ပွဲစာ)

ရေစိမ် (သို့) ဆန်စီးခေါက်ဆွဲ –  ၁ စည်း

ပဲရွက် –  ၃ စည်း

ငါးဆီချက် –  ၁ ပန်းကန်

မျှစ်ချဉ်သုပ် –  ၁ ပန်းကန်

အရောင်တင်ဆီချက် –  ၁ ပန်းကန်

ကြက်သွန်ဖြူဆီချက် –  ၁ ပန်းကန်

ငရုတ်သီးလှော်မှုန့်

နံနံပင်/ကြက်သွန်မြိတ်

ပြုလုပ်နည်း

၁။       ဦးစွာ ငါးကို ဆီသတ်ပြုလုပ်ဖို့ ငါးကြင်း၊ ငါးမြင်း နှစ်သက်ရာငါးကို သုံးနိုင်ပါတယ်။ ယခုတော့ အသင့်ရှိနေတဲ့ငါးခူကို သုံးထားပါတယ်။

၂။       ငါးခူကို ရေဆေးသန့်စင်၍ ချင်းနှင့် ကြက်သွန်ဖြူကို ထည့်ပြီး ပြုတ်ပါ။ ငါးနူးပါက အရိုးများ နွှင်ထားပါ။ ငါးပြုတ်ရည်ကို ငရုတ်ကောင်းမှုန့်နှင့် ဆားခတ်ပြီး ဟင်းချို ပြုလုပ်ထားပါ။

၃။       ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ရောထောင်း (သို့) ကြိတ်ထားပါ။

၎။       ဒယ်အိုးထဲ ဆီထည့်ပြီး ထောင်းထားတာကို ထည့်၍ ဆီသတ်ပါ။ အရောင်တင်၊ နနွင်းမှုန့် ထည့်ပါ။ အရိုးနွှင်ပြီးသား ငါးကို ထည့်ပါ။ ဟင်းခတ်မှုန့်နှင့် ဆားထည့်၍ အရသာ အပေါ့အငန်မြည်းပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ထားပါ။

၅။       မျှစ်ချဉ်ကို ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေ ၂ ရေခန်းလောက် ပြုတ်ထားပြီး ဆား၊ ဟင်းခတ်မှုန့်၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့နှင့် သုပ်ထားပါ။

၆။       ကြက်သွန်ဖြူဆီချက်နှင့် အရောင်တင်ဆီချက် ချက်ထားပါ။ အားလုံးအသင့်ဖြစ်ပါက ခေါက်ဆွဲပွဲပြင်ပြီး တည်ခင်းနိုင်ပါပြီ။

ငါးခေါက်ဆွဲပွဲပြင်ဆင်နည်း

ဆန်စီး (သို့) ရေစိမ်ခေါက်ဆွဲ ၁ ပွဲစာကို ရေနွေးဖြောပြီး ပန်းကန်ထဲထည့်ပါ။

ပဲရွက်လက်တစ်ဆုပ်ခန့်ကို ရေနွေးဖြောထည့်ပါ။

ကြက်သွန်ဖြူဆီချက် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်ဆီချက် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးဆီသတ် –  စားပွဲဇွန်း ၂ ဇွန်း

မျှစ်သုပ် –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ် –  အနည်းငယ်

နံနံပင် –  အနည်းငယ်

ငရုတ်သီးမှုန့်တို့ကို ထည့်ပြီး အသုပ်ဖြစ်စေ၊ ဟင်းရည်နှင့်ဖြစ်စေ နှစ်သက်သလို တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments