ဖွဲနုဆီနှင့် ကျန်းမာရေး

by ဒေါက်တာလှကြည် for Food Magazine

          စားအုန်းဆီကို အများဆုံး စားသုံးနေကြတဲ့ ဒီနေ့ မြန်မာနိုင်ငံမှာ ဖွဲနုဆီကို လူသိနည်းသွားတယ်လို့ ထင်ပါ တယ်။ စာရေးသူကိုယ်တိုင်လည်း ဟင်းချက်ဆီတွေ အကြောင်းပြောတဲ့၊ ရေးတဲ့အခါ နှမ်းဆီ၊ ပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီကအစ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲကို နောက်မှရောက်လာတဲ့ ပဲပုပ်ဆီ၊ ပြောင်းဆီ၊ ဟင်းသီးဟင်းရွက် ဆီတွေအကြောင်း သာ ရေးဖြစ်ခဲ့ပြီး ဖွဲနုဆီအကြောင်းကို မရေးဖြစ်ခဲ့ပါဘူး။ ဖွဲနုဆီထုတ်လုပ်တဲ့လုပ်ငန်းဟာ နည်းပညာအရ ခက်ခဲမှုမရှိကြောင်း၊ အနံ့အသက် ပိုပြီး ကောင်းအောင် လုပ်တာကအစ နည်းပညာတွေလည်း တိုးတက်လာနေကြောင်း သိရပါတယ်။

          ဖွဲနုဆိုတာ စပါးကို ဆန်ဖြစ်လာအောင် စက်နှင့် ကြိတ်တဲ့အခါ ထွက်လာတဲ့ ဘေးထွက်ပစ္စည်း ဖြစ်ပါတယ်။ စပါးခွံနှင့် ဆန်လုံးကြားက ပစ္စည်းဖြစ်ပါတယ်။ အပြည့်အစုံ ပြောမည်ဆိုလျှင် ဆန်ဖွဲ (rice bran) ပေါ့။ ဂျုံစေ့ကို ကြိတ်တဲ့အခါမှာ ထွက်လာတဲ့ ဂျုံဖွဲ (wheat bran) ဆိုတာလည်း ရှိပါတယ်။ ဆန်ဖွဲမှာရော ဂျုံဖွဲမှာပါ ဗီတာမင်ဘီဝမ်း (Vitamin B1)၊ ဗီတာမင်ဘီတူး (B2)နှင့် နိုင်ယာစင် (Niacin) ဆိုတဲ့ ဗီတာမင်များနှင့် သတ္တု အာဟာရဓာတ် အချို့ကြွယ်ဝကြောင်း မကြာခဏ ရေးခဲ့၊ ပြောခဲ့ဖူးပါတယ်။ ယခုဆောင်းပါးမှာတော့ ဆန်ဖွဲမှ ထုတ်လို့ရတဲ့ ဖွဲနုဆီရဲ့ အကျိုးပြုပုံတွေကို တင်ပြမှာ ဖြစ်ပါတယ်။

သွေးထဲက အဆီများ၏ ကောက်ကြောင်း (Lipid Profile)

          ပရိုဖိုင်းလ် (စမသ်ငူန) ဆိုတဲ့ စကားဟာ ယခုအခါမှာ လူသုံးတော်တော်များလာပါတယ်။ လူအများအပြားဟာ ဖေ့စ်ဘွတ်ခ် (facebook) မှာ မိမိရဲ့ ပရိုဖိုင်းလ်ကို တင်ကြပါတယ်။ မကြာခဏ ထပ်ဖြည့်ကြပါတယ်။ မြန်မာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ပရိုဖိုင်းလ်ကို (၁) ဘေးတိုက်ပုံ၊ ဘေးကြည့်၊ (၂) ကောက်ကြောင်းပုံ၊ (၃) တစေ့တစောင်း လေ့လာချက်၊ (၄)… အပေါ်  အများရဲ့အမြင်ဆိုပြီး အဓိပ္ပာယ် (၄) မျိုး ဖွင့်ပြထားပါတယ်။ ဆေးပညာလောကမှာလည်း နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ ရောဂါဝေဒနာရှင်တွေကို ၈ နာရီလောက် အစာမစားဘဲ နေစေပြီး လူနာရဲ့ သွေးထဲမှာရှိနေတဲ့ အဆီဓာတ်အမျိုးမျိုးရဲ့ အခြေအနေကို စစ်ကြည့်လေ့ရှိပါတယ်။ ဒါကို ဆရာဝန်တွေက လစ်ပစ်ပရိုဖိုင်းလ် (lipid profile) စစ်တယ်လို့ ပြောလေ့ရှိပါတယ်။ လစ်ပစ်ပရိုဖိုင်းလ်ဆိုတာ သွေးထဲက အဆီဓာတ်အမျိုးမျိုးရဲ့ ကောက်ကြောင်းပုံကို ပြောတာပါ။

ဖွဲနုဆီစားသုံးခြင်းနှင့် သွေးထဲက အဆီကောက်ကြောင်း

          သွေးထဲက အဆီဓာတ်အမျိုးမျိုးရဲ့ ကောက်ကြောင်းပုံ (lipid profile) ကို စစ်တဲ့အခါ သွေးထဲမှာရှိနေတဲ့ စုစုပေါင်း ခိုလက်စထရော (total cholesterol) အဆီပမာဏဟာ ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန်ထက် များနေသလား၊ နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေနိုင်တဲ့ LDL ခိုလက်စထရော စတဲ့ မကောင်းတဲ့ ခိုလက်စထရော (bad cholesterol) အမျိုးအစားဟာ ပမာဏအားဖြင့် ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန်ထက် များနေသလား၊ ကျန်းမာရေးကို အကျိုးပြုတဲ့ HDL ခိုလက်စထရောဆိုတဲ့ ကောင်းတဲ့ ခိုလက်စထရော (good cholesterol) အမျိုးအစားဟာ ပမာဏအားဖြင့် ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန်ထက် နည်းနေသလားဆိုတာတွေကို ကြည့်ရပါတယ်။ သွေးထဲမှာရှိနေတဲ့ ထရိုင်ဂလစ်စရိုက် (triglyceride) ဆိုတဲ့ အဆီတွေရဲ့ ပမာဏကရော ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန်ထက် များနေသလားဆိုတာကိုလည်း ကြည့်ပါတယ်။ သွေးထဲမှာ စုစုပေါင်း ခိုလက်စထရော ပမာဏဟာ ပုံမှန်ရှိသင့်တာထက် ပိုမများဘူး၊ နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေတဲ့ LDL ခိုလက်စထရောတွေ ပုံမှန်ထက် များမနေဘူး၊ ကျန်းမာရေးကို အကျိုးပြုတဲ့ HDL ခိုလက် စထရောတွေ ပုံမှန်ထက် နည်းမနေဘူးဆိုရင် lipid profile (အဆီကောက်ကြောင်း) ကောင်းတယ်လို့ သတ်မှတ်ပါတယ်။

          သွေးထဲမှာ စုစုပေါင်း ခိုလက်စထရောပမာဏဟာ ပုံမှန်ရှိသင့်တာထက် ပိုများနေတယ်၊ LDL ခိုလက် စထရောတွေ ပုံမှန်ထက် များနေတယ်၊ HDL ခိုလက်စထရောတွေ ပုံမှန်ထက် နည်းနေတယ်ဆိုရင် အဆီ ကောက်ကြောင်း (lipid profile) မကောင်းဘူးလို့ ပြောပါတယ်။ သွေးထဲမှာ ထရိုင်ဂလစ်စရိုက် အဆီတွေ များနေတာဟာလည်း အဆီကောက်ကြောင်း (lipid profile) မကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

အဆီဓာတ် ကောက်ကြောင်း (Lipid Profile) ကောင်းခြင်း၊ မကောင်းခြင်းနှင့် ကျန်းမာရေး

          နှလုံးရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကနေ သူ့ဆီရောက်လာတဲ့ သွေးတွေကို အောက်ဆီဂျင်ဖြည့်ပေးဖို့ အဆုတ်တွေဆီ ပို့ပေးခြင်းနှင့် အဆုတ်မှ ပြန်ရောက်လာတဲ့ အောက်ဆီဂျင်ဖြည့်ပြီးသား သွေးတွေကို ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးဆီ ညှစ်ပြီး ပို့ပေးရခြင်း ဖြစ်ပါတယ်။ နှလုံြးွကက်သားတွေ ကိုယ်တိုင်ကလည်း အောက်ဆီဂျင် အပြည့်အဝရရှိမှသာ ညှစ်တဲ့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ အောက်ဆီဂျင်ပါတဲ့ သွေးတွေကို နှလုံးကြွက်သားတွေဆီ ပို့ပေးတဲ့ သွေးလွှတ်ကြောကလေးတွေကို coronary artery (နှလုံးသွေးကြောငယ်) လို့ ခေါ်ပါတယ်။ သူတို့ဟာ နှလုံးရဲ့  အပြင်ဘက်နံရံမှာ ကပ်လျက်ရှိနေကြပါတယ်။ သွေးထဲမှာ အဆီဓာတ်ကောက်ကြောင်း (lipid porfile) မကောင်းသူတွေ၊ တစ်နည်းအားဖြင့် သွေးထဲမှာ စုစုပေါင်း ခိုလက်စထရောပမာဏနှင့် LDL ခိုလက်စထရောတွေ ပုံမှန်ထက် များနေသူတွေ၊ HDL ခိုလက်စထရော ပုံမှန်ထက် နည်းနေသူတွေမှာ နှလုံးသွေးကြောငယ် (coronary artery) လေးတွေ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ သွေးလွှတ်ကြောတွေရဲ့ နံရံမှာ အဆီခဲတွေ ဖြစ်လာပြီး သွေးကြောတွေ ကျဉ်းသွား၊ ပိတ်သွားနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ သွေးရဲ့ အဆီကောက်ကြောင်း (lipid profile) ကောင်းသူတွေမှာတော့ သွေးလွှတ်ကြောတွေရဲ့ နံရံမှာ အဆီခဲတွေဖြစ်လာတာ၊ သွေးကြောတွေ ကျဉ်းသွား၊ ပိတ်သွားတာတွေ ဖြစ်နိုင်တဲ့ အန္တရာယ် နည်းပါတယ်။ ထရိုင်ဂလစ်စရိုက် အဆီတွေ၊ သွေးထဲမှာ များနေခြင်းကလည်း နှလုံးသွေးကြောကျဉ်းတဲ့ အန္တရာယ်ကို များစေပါတယ်။

ဖွဲနုဆီစားသုံးခြင်းနှင့် သွေးအတွင်း အဆီကောက်ကြောင်း (Lipid Profile)

          ဖွဲနုဆီ စားသုံးခြင်းဟာ သွေးထဲမှာရှိတဲ့ အဆီဓာတ်တွေရဲ့ ကောက်ကြောင်းကို ကောင်းစေခြင်းအားဖြင့် ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဖွဲနုဆီစားသုံးခြင်း အားဖြင့် နှလုံးသွေးကြောနှင့် အခြားသွေးကြောတွေ ကျဉ်းသွား၊ ပိတ်သွားစေနိုင်တဲ့ ခိုလက်စထရော အမျိုးအစားတွေ သွေးထဲမှာ နည်းသွားပြီး သွေးကြောတွေ ကျဉ်းခြင်း၊ ပိတ်ခြင်း အန္တရာယ်ကို နည်းစေတဲ့ ခိုလက် စထရောဓာတ်ပေါင်းတွေ သွေးထဲမှာ များစေပါတယ်။ နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ ထရိုင်ဂလစ်စရိုက်အဆီတွေရဲ့ ပမာဏဟာလည်း ဖွဲနုဆီ စားသုံးသူတွေရဲ့ သွေးထဲမှာ နည်းတာကို တွေ့ရပါတယ်။

          ဖွဲနုဆီစားသုံးသူတွေရဲ့ သွေးထဲမှာ သွေးအတွင်း အဆီကောက်ကြောင်း (lipid profile) ကောင်းရခြင်းရဲ့ အကြောင်းရင်းက သူ့မှာပါနေတဲ့ ဖက်တီးအက်ဆစ် အမျိုးအစားတွေကြောင့် ဖြစ်ပါတယ်။ ပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ စားအုန်းဆီ၊ ဖွဲနုဆီ စတဲ့ ဟင်းချက်ဆီ အမျိုးမျိုးနှင့် အမဲဆီ၊ ဝက်ဆီ၊ မလိုင်၊ ထောပတ် စတဲ့ တိရစ္ဆာန်ထွက် အဆီတွေအားလုံးမှာ ဖက်တီးအက်စစ်တွေ ပါဝင်နေပါတယ်။ ဆီ ဒါမှမဟုတ် အဆီတစ်မျိုးရဲ့ အရည်ဖြစ်နေခြင်း၊ အခဲဖြစ်နေခြင်းဆိုတဲ့ သဘောသဘာဝဟာ  အဲဒီဆီ (သို့) အဆီမှာ ပါဝင်နေတဲ့ ဖက်တီးအက်စစ်တွေရဲ့ အမျိုးအစားနှင့် ပမာဏအနည်းအများ အချိုးအဆအပေါ် မူတည်ပါတယ်။ အမဲဆီ၊ ဝက်ဆီ၊ မလိုင်၊ ထောပတ် စတဲ့ ခဲနေတဲ့ တိရစ္ဆာန်အဆီများနှင့် အုန်းသီးက ပြုလုပ်တဲ့ အုန်းဆီမှာ ပြည့်ဝတဲ့ ဖက်တီးအက်စစ် (saturated fatty acid) တွေက အချိုးအဆ များပါတယ်။ ပဲဆီ၊ နှမ်းဆီ၊ ဖွဲနုဆီ၊ နေကြာစေ့ဆီ၊ ပဲပုပ်ဆီ စတဲ့ မခဲတဲ့ အပင်ထွက် ဟင်းချက်ဆီတွေမှာတော့ မပြည့်ဝတဲ့ ဖက်တီးအက်စစ် (unsaturated fatty acid) တွေက အချိုးအဆ များပါတယ်။

          ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေ အချိုးအဆများများ ပါဝင်နေတဲ့ဆီတွေကို စားသုံးမှုများခြင်းဟာ သွေးထဲမှာ မကောင်းတဲ့ LDL ခိုလက်စထရောတွေ များစေနိုင်တာကြောင့် နှလုံးသွေးကြောနှင့် အခြားသွေးကြောတွေ ကျဉ်းနိုင်၊ ပိတ်နိုင်တဲ့ အန္တရာယ်များပါတယ်။ မပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေ စားသုံးမှုများခြင်းကတော့ နှလုံးသွေးကြောတွေနှင့် အခြားသွေးကြောတွေ ကျဉ်းနိုင်၊ ပိတ်နိုင်တဲ့ အန္တရာယ် နည်းစေပါတယ်။ စားအုန်းဆီတွေ ကို နိုင်ငံခြားကနေ တင်သွင်းပြီး စားသုံးတဲ့ခေတ်မတိုင်မီ ကာလက မြန်မာတွေ စားနေကျ ပဲဆီ၊ နှမ်းဆီတို့ဟာ မပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေများပြီး ပြည့်ဝတဲ့ ဖက်တီး အက်စစ်တွေ နည်းတဲ့အတွက် ကျန်းမာရေးကို အကျိုးပြုပါတယ်။ စားအုံးဆီမှာတော့ ပြည့်ဝတဲ့ ဖက်တီးအက်စစ် များနှင့် မပြည့်ဝတဲ့ ဖက်တီးအက်စစ်များ ၅၀% စီ  အညီအမျှ ပါဝင်နေပါတယ်။

ဖွဲနုဆီထဲက ဖက်တီးအက်စစ်များ

          ဖွဲနုဆီမှာပါနေတဲ့ ဖက်တီးအက်စစ်အများစု (၇၅% လောက်) ဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ မပြည့်ဝတဲ့ ဖက်တီးအက်စစ် (unsaturated fatty acid) တွေ ဖြစ်ပါတယ်။ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ ပြည့်ဝတဲ့ ဖက်တီးအက်စစ် (saturated fatty acid) တွေက အနည်းစု ၂၅% လောက်သာ ဖြစ်ပါတယ်။ ဖွဲနုဆီမှာပါနေတဲ့ ပြည့်ဝတဲ့ ဖက်တီးအက်စစ် ၂၅% အနက် စတီယားရစ် အက်စစ် (stearic acid) ဆိုတဲ့ ဖက်တီးအက်စစ်ဟာ လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ မပြည့်ဝတဲ့ ဖက်တီး အက်စစ်အဖြစ် အလွယ်တကူ ပြောင်းသွားတာမို့ သူ့ကို ပြည့်ဝတဲ့ ဖက်တီးအက်စစ်စာရင်းမှ နုတ်လိုက်လျှင် ဖွဲနုဆီမှာ ပါနေတဲ့ ပြည့်ဝတဲ့ ဖက်တီးအက်စစ်အချိုး အဆဟာ ၂၂% သာ ကျန်ပါတယ်။

          ဖွဲနုဆီမှာပါနေတဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ မပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေကို ထပ်ပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အိုလီယစ်အက်စစ် (oleic acid) ဆိုတဲ့ မိုနိုမပြည့်ဝ ဖက်တီးအက်စစ်က ၃၈% လောက် ဖြစ်ပါတယ်။ အိုမီဂါ အုပ်စုခွဲနည်းအရ ပြောမယ်ဆိုလျှင် မိုနိုမပြည့်ဝ (mono-unsaturated) ဖက်တီးအက်စစ်ဟာ အိုမီဂါ-နိုင်း ဖက်တီးအက်စစ် (omega-9) ဖြစ်ပါတယ်။ မြေထဲပင်လယ် ဒေသမှာ နေသူတွေ နှလုံးသွေးကြောရောဂါကင်းကြ တာဟာ မိုနိုမပြည့်ဝ ဖက်တီးအက်စစ်ြွကယ်ဝတဲ့ သံလွင်ဆီ စားသုံးတဲ့ ဓလေ့ကြောင့်လို့ ပြောကြပါတယ်။ ဖွဲနုဆီမှာ မိုနိုမပြည့်ဝ ဖက်တီးအက်စစ် ၃၈%အထိ ပါနေတာဟာ ကောင်းတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

          ဖွဲနုဆီမှာ လင်နိုလီယစ်အက်စစ် (linoleic acid) ဆိုတဲ့ ပေါ်လီမပြည့်ဝ (poly-unsaturated) ဖက်တီး အက်စစ်လည်း ၃၄% လောက် ပါနေပါတယ်။ အိုမီဂါ အုပ်စုခွဲနည်းအရ ပြောမယ်ဆိုလျှင် လင်နိုလီယစ်အက်စစ်ဟာ အိုမီဂါ-ဆစ် (omega-6) ဖက်တီးအက်စစ်တစ်မျိုး ဖြစ်ပါတယ်။

          ဒါ့အပြင် ဖွဲနုဆီမှာ အယ်လ်ဖာလင်နိုလင်းနစ် အက်စစ် (ά linolenic acid) ဆိုတဲ့ ပေါ်လီမပြည့်ဝ ဖက်တီး အက်စစ်လည်း ၂% ကျော်ကျော် ပါနေပါသေးတယ်။ အိုမီဂါ အုပ်စု ခွဲနည်းအရ ပြောမယ်ဆိုလျှင် အယ်ဖာလင်နိုလင်းနစ် အက်စစ်ဟာ အိုမီဂါ-သရီး (omega-3) ဖက်တီးအက်စစ် တစ်မျိုး ဖြစ်ပါတယ်။

ဒီတော့ ဖွဲနုဆီမှာ-

၁။       နှလုံးနှင့်သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ ပြည့်ဝတဲ့ (saturated) ဖက်တီး အက်စစ်တွေ နည်းခြင်း၊

၂။       ကျန်းမာရေးအတွက် ကောင်းတဲ့ မိုနိုမပြည့်ဝ (mono-saturated) ဖက်တီး အက်စစ်များခြင်း၊

၃။       ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုသဘာဝ (inflammation) ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိတဲ့ အိုမီဂါ-၃ ဖက်တီး အက်စစ် အနည်းငယ် ပါဝင်နေခြင်းတို့ဟာ ထူးခြားတဲ့အချက်တွေ ဖြစ်ပါတယ်။

၁။ ပြည့်ဝသည့် ဖက်တီးအက်စစ် နည်းခြင်း

          ပြည့်ဝတဲ့ (saturated) ဖက်တီးအက်စစ်တွေဟာ သွေးထဲမှာ ခိုလက်စထရော များစေပါတယ်။ နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ LDL ခိုလက်စထရော ပမာဏကို တက်စေပါတယ်။ ဒါကြောင့် ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေပါတဲ့ ဆီတွေ၊ အဆီတွေ၊ အစားအစာတွေကို ဆင်ဆင်ခြင်ခြင် စားသုံးဖို့ လိုပါတယ်။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေက ရတဲ့ ကယ်လိုရီ ပမာဏဟာ တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီ စုစုပေါင်းရဲ့  ၇% ထက် နည်းသင့်တယ်လို့ ပညာရှင်တွေက ထောက်ခံ ပြောဆိုကြပါတယ်။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်ပါတဲ့ အစားအစာတွေက ဝက်ဆီ၊ အမဲဆီ၊ မလိုင်၊ ထောပတ် စတဲ့ တိရစ္ဆာန်ထွက် အဆီများနှင့် အုန်းဆီ (coconut oil) တို့ ဖြစ်ပါတယ်။ ယနေ့ခေတ် မြန်မာတွေ အများဆုံး စားသုံးနေတဲ့ စားအုန်းဆီမှာ ပြည့်ဝတဲ့ ဖက်တီးအက်စစ် ၅၀% လောက် ပါပါတယ်။ မြေပဲဆီ၊ နေကြာစေ့ဆီ၊ ပဲပုပ်ဆီ၊ ပြောင်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီတွေ အားလုံးမှာ ပြည့်ဝတဲ့ဖက်တီးအက်စစ် အချိုးအဆ နည်းပါတယ်။ ဖွဲနုဆီဟာလည်း ပြည့်ဝတဲ့ ဖက်တီးအက်စစ်နည်းတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။

၂။  မိုနိုမပြည့်ဝ (Mono-unsaturated) ဖက်တီးအက်စစ်များခြင်း

          မိုနိုမပြည့်ဝ ဖက်တီးအက်စစ်တွေပါတဲ့ ဆီကို စားသုံးခြင်းဟာ နှလုံးသွေးကြေတွေရဲ့ ကျန်းမာရေးကို ကောင်းစေပါတယ်။ မြေထဲပင်လယ်ဒေသက လူတွေ နှလုံးသွေးကြောရောဂါ ကင်းကြတာဟာ နေ့စဉ် သူတို့စားသုံးကြတဲ့ သံလွင်ဆီ (olive oil) မှာ မိုနိုမပြည့်ဝ ဖက်တီး အက်စစ်တွေများခြင်း (၇၃% အထိ ပါနေခြင်း) ကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ သံလွင်ဆီက မြန်မာနိုင်ငံမှာ အလွန်ရှားပါတယ်။ ဈေးလည်းကြီးပါတယ်။

          မြန်မာတွေစားနေကျ ဆီတွေထဲမှာ မြေပဲဆီဟာ မိုနိုမပြည့် ဖက်တီးအက်စစ် အများဆုံး ၄၉% ဖြစ်ပါတယ်။ မိုနိုမပြည့်ဝ ဖက်တီးအက်စစ်ဟာ နှမ်းဆီမှာ ၄၃% နှင့် စားအုန်းဆီမှာ ၃၈% ပါပါတယ်။ ဖွဲနုဆီမှာ မိုနိုမပြည့်ဝ ဖက်တီးအက်စစ် ၄၇% ပါဝင်တယ်ဆိုတော့ မြေပဲဆီပြီးလျှင် ဒုတိယ အကြွယ်ဝဆုံးဆီ ဖြစ်ပါတယ်။ နေကြာစေ့ဆီ၊ ပဲပုပ်ဆီနှင့် ပြောင်းဆီတို့မှာ မိုနိုမပြည့်ဝ ဖက်တီးအက်စစ် ၂၀%၊ ၂၄% နှင့် ၂၅% သာ အသီးသီးပါကြတာမို့ ဖွဲနုဆီမှာ ထက် တစ်ဝက်လောက် နည်းပါတယ်။

၃။ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်နေခြင်း

          ပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ စတဲ့ အပင်ထွက်ဆီတွေ အားလုံးဟာ ပေါ်လီမပြည့်ဝ ဖက်တီးအက်စစ်တွေ ကြွယ်ဝပါတယ်။ နေကြာစေ့ဆီဟာ ပေါ်လီမပြည့်ဝ ဖက်တီး အက်စစ် အများဆုံး ၆၉% ပါတဲ့ ဆီမျိုး ဖြစ်ပါတယ်။ ပေါ်လီမပြည့်ဝ ဖက်တီးအက်စစ်တွေကို အိုမီဂါနည်းနှင့် အုပ်စုခွဲမည်ဆိုလျှင် အိုမီဂါ-၆ နှင့် အိုမီဂါ-၃ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပဲဆီ၊ နှမ်းဆီ၊ နေကြောစေ့ဆီတို့မှာပါတဲ့ ပေါ်လီမပြည့်ဝ ဖက်တီးအက်စစ်တွေ အားလုံးဟာ အိုမီဂါ-၆ အမျိုးအစားတွေ ဖြစ်ပါတယ်။ အိုမီဂါ-၃ မပါပါဘူး။ အိုမီဂါ-၃ ဖက်တီးအက်စစ်က အအေးပိုင်းက ပင်လယ်ငါးတွေမှာသာ များပါတယ်။ ဒါကြောင့် အပင်ထွက် ဟင်းချက်ဆီတွေ စားသုံးမှုများတဲ့ ဒီခေတ်မှာ အိုမီဂါ-၆ စားသုံးမှုဟာ အိုမီဂါ-၃ စားသုံးမှုထက် ၁၀ ဆ ၁၅ ဆ လောက် များနေပါတယ်။

          အိုမီဂါ-၆ ဖက်တီးအက်စစ်တွေမှာဆိုတဲ့ ရောင်ရမ်းမှုဖြစ်စဉ် (inflammation) ကို အားပေးတဲ့ သတ္တိရှိပြီး အိုမီဂါ-၃ ဖက်တီးအက်စစ်တွေက ရောင်ရမ်းမှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်တဲ့သတ္တိ ရှိပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ် ဆိုတာကို ရှင်းပြပါမယ်။ နာတာရှည် အဆစ်ရောင်ရောဂါတွေ ဖြစ်တယ်ဆိုတာ အဆစ်နှင့် အနီးပတ်ဝန်းကျင်က တစ်ရှူးတွေ ရောင်ရမ်းတာကို မထိန်းချုပ်နိုင်တဲ့သဘော ဖြစ်ပါတယ်။ သွေးကြောကျဉ်းရောဂါဆိုတာကလည်း သွေးကြောတွေရဲ့နံရံမှာ အဆီခဲတွေဖြစ်တာအပြင် သွေးကြောတွေ ရောင်ရမ်းတာလည်း ပါပါတယ်။ ပန်းနာရင်ကျပ် ရောဂါမှာ အဆုတ်လေပြွန်ကလေးတွေ ကျဉ်းနေရတဲ့ အကြောင်းရင်းတစ်ခုက လြွေပန်ကလေးတွေ ရောင်ရမ်းနေခြင်း ဖြစ်ပါတယ်။

          အိုမီဂါ-၆ ဖက်တီးအက်စစ် စားသုံးမှုများခြင်းက ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးတဲ့အတွက် ဒီရောဂါတွေကို အားပေးသလို ဖြစ်နေပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်စစ် စားသုံးမှုများခြင်းက ရောင်ရမ်းမှုကို ထိန်းချုပ်ပေးတဲ့အတွက်  ဒီရောဂါတွေကို ကာကွယ်ပေးပါတယ်။ သက်သာစေပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်စစ်ဟာ အေးတဲ့ ပင်လယ်ရေထဲမှာ ကျက်စားတဲ့ ပင်လယ်ငါးတွေရဲ့ အဆီမှာ များပါတယ်။ ဒါကြောင့် အိုမီဂါ-၃ ဖက်တီးအက်စစ် ရအောင် ငါးအဆီဆေးလုံးတွေစားဖို့ ဆရာဝန်တွေက ညွှန်ကြပါတယ်။ ဖွဲနုဆီမှာ အိုမီဂါ-၃ ဖက်တီးအက်စစ် အနည်းငယ်ပါနေပါတယ်။ အိုမီဂါ-၃ ပါတဲ့ အခြား အပင်ထွက် ဆီတစ်မျိုးက ပဲပုပ်ဆီ ဖြစ်ပါတယ်။ နှမ်းကြတ်ဆီ (Flax seed oil) ကတော့ အိုမီဂါ-၃ ဖက်တီးအက်စစ် အထူးကြွယ်ဝပါတယ်။

          မီးယပ်သွေးဆုံးချိန်မှာ တစ်ကိုယ်လုံး ပူခနဲ၊ ရှိန်းခနဲ ဖြစ်သွားတတ်တဲ့ ဝေဒနာ ခံစားနေရသူ အမျိုးသမီးတွေကို ဖွဲနုဆီမှာပါတဲ့ ဂမ်မာအိုရီဇီနော (gamma oryzanol) ဆိုတဲ့ ဓာတ်ပေါင်းတွေ ပေးကြည့်တဲ့အခါ ၉၀% လောက်မှာ ရောဂါလက္ခဏာတွေ သက်သာသွားတယ်ဆိုတဲ့ သုတေသနလည်း ရှိပါတယ်။

ဒေါက်တာ လှကြည်

Facebook Comments

Menu