ပဲပြုတ်ထမင်းဆီဆမ်းနှင့် တိုဟူးလိပ်ကြော် (၅ ယောက်စာအတွက်)

 by Myint Oo Tha for Food Magazine

          ပဲပြုတ်ထမင်းဆီဆမ်းဆိုလျှင် ကြက်သားကြော်၊ ဝက်သားကြော်တို့နဲ့ စားလေ့ရှိပါတယ်။ သက်သတ်လွတ်ဆိုတော့ တိုဟူးကို ခြေပြီး ပဲပြားနဲ့ လိပ်ပြီးတော့ ကြော်ပါမယ်။ ဝက်သားလိပ်မှာထည့်တဲ့ အရသာနဲ့ ဟင်းခတ်တွေ အစုံထည့်မှာဆိုတော့ အရသာမရှိမှာ ပူစရာမလိုတော့ပါဘူး။

ပါဝင်ပစ္စည်းများ

ထမင်းပူပူ  –  ၅ လုံး

စာတော်ပဲ  –  စားပွဲဇွန်း ၁၀ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲဆီ  –  စားပွဲဇွန်း ၅ ဇွန်း

တိုဟူးလိပ်ကြော်အတွက် လိုအပ်တာတွေကတော့-

တိုဟူး  –  ၃၀ဝ ဂရမ်

ပဲပြားခြောက်  –  အချပ်ကြီး ၁ ချပ် (စင်ကာပူပဲပြား)

ကြက်သွန်မြိတ်  –  ၃ ပင် (ပါးပါးလှီးထားပါ)

ကြက်သွန်နီ  –  ၁  လုံး (လေးထောင့်အတုံးသေးသေး တုံးထားပါ)

မြေစာဥ  –  ၃ ဥ (အတုံးသေးသေးတုံးထားပါ)

ပဲငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

တရုတ်မဆလာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းအဖြူမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြော်ရန်ဆီ

ပြုလုပ်နည်း

၁။       တိုဟူးကို [စားတော်ပဲ (သို့) ကုလားပဲနဲ့လုပ်တဲ့ တိုဟူးကို သုံးပါ။] ကြေနေအောင် ခြေပါ။ ကျွန်တော်ကတော့ အာလူးခြေတဲ့အတံနဲ့ ခြေပါတယ်။

၂။       ပြီးလျှင် ခြေထားတဲ့ တိုဟူးကို ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ မြေစာဥ၊ တရုတ်မဆလာ၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့်နှင့် ဆားတို့ကို ထည့်ပြီး နယ်ပါ။

၃။       စင်ကာပူပဲပြားကို ကြိုက်နှစ်သက်တဲ့အရွယ် ဖြတ်ပါ။ ကျွန်တော်ကတော့ အလိပ်ကြီးကြီး လိပ်မှာဖြစ်လို့ ပဲပြားအချပ်ကြီးကြီး ၆ ချပ် ဖြတ်ပါတယ်။

၎။       ပန်းကန်လုံးအသေးတစ်လုံးထဲ ဂျုံမှုန့်ထည့်ပြီး ရေအနည်းငယ်ထည့်၍ မွှေထားပါ။ကော်အဖြစ် သုံးမှာ ဖြစ်ပါတယ်။

၅။       တိုဟူးလိပ် လိပ်မည်ဆိုလျှင် ဦးစွာ လက်သုတ်ပဝါ သတ်သတ်တစ်ထည်ကို ရေဆွတ်ထားပါ။

၆။       ပြီးလျှင် ဖြတ်ထားတဲ့ ပဲပြားကို စားပွဲပေါ်မှာ ခင်းပါ။ ပြီးလျှင် လက်သုတ်ပဝါအစိုနဲ့ ဖိပေးပါ။ (ပဲပြားက ခြောက်နေတဲ့အတွက် လိပ်လို့ရအောင် ပဲပြားကို ရေဆွတ်ပေးတာပါ။)

၇။       ပြီးလျှင် နယ်ထားတဲ့ တိုဟူး ၂ ဇွန်းထည့်ပြီး ကော်ပြန့်လိပ်သလို လိပ်ပါ။ အဆာမထွက်ဘဲ အလိပ်မပြေအောင် အနားကို ကော်သုတ်ပေးပါ။

၈။       ကျန်တဲ့အဆာကုန်သည်အထိ ဆက်ပြီး လိပ်ပါ။

၉။       ပြီးလျှင် ဆီအိုးတည်ပါ။ ဆီပူလျှင် မီးအရှိန်လျှော့ပြီး တိုဟူးလိပ်ထည့်၍ ကြော်ပါ။

၁၀။     ၂ ဖက်စလုံး နီညိုရောင်သန်းလျှင် ဆယ်ယူထားပါ။

၁၁။     ဇလုံးကြီးထဲ ထမင်းပူထည့်ပါ။ ပြီးလျှင် ပဲပြုတ်၊ ဆား၊ ပဲဆီဆမ်းပြီး နယ်ပါ။

၁၂။     ပဲပြုတ်ထမင်းဆီဆမ်းကို တိုဟူးလိပ်ကြော်နှင့် တွဲပြီးစားပါ။ သက်သတ်လွတ် ခရမ်းချဉ်သီးထောင်းနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။

Facebook Comments