ပဲခေါက်ဆွဲ  (Black Bean Noodles)

by Sofia for Food Magazine

            ကိုရီးယားပဲခေါက်ဆွဲကို ကိုရီးယားကားတွေထဲမှာ စားနေတာပဲ မြင်ဖူးတာမို့  အရသာ သစ်တစ်ခုကို မြည်းစမ်းကြည့်ချင်လို့ ချက်စားဖြစ်ခဲ့တာလေးပါ။ ချက်နည်း မေးလာတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး အရသာ တစ်မျိုးနဲ့ စွဲမက်ဖွယ် ပဲခေါက်ဆွဲကို ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ (၄ ပွဲစာ)

ဂျုံခေါက်ဆွဲ   –  ၁ စည်း

ကြက်သား  –  ၃၀ဝ ဂရမ်

ဆား  –  အနည်းငယ်

ဟင်းခတ်မှုန့်  –   အနည်းငယ်

ပဲငါးပိအမဲအနှစ်(ကိုရီးယား)  –  ၁၅၀ ဂရမ်

ကြက်သွန်နီ   –   ၁ လုံး

ဖရုံသခွား   –  ၁ စိတ်

ဂေါ် ဖီထုပ်  –  အနည်းငယ်

အာလူး (အကြီး)  –  ၁ လုံး

မှို (Button Mushroom)   –  ၅ လုံး

မုန်လာဥနီ  –  တစ်စိတ်

ကြက်ပြုတ်ရည်  –  ၃၅၀ မီလီလီတာ

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချင်းမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဆန်ဗီနီဂါ  –  စားပွဲဇွန်း ၃ ဇွန်း

ပြောင်းဖူးမှုန့် /ကော်မှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

ရေ  –  ၂ ဇွန်း

ဆီ  –  အနည်းငယ်

တွဲဖက်စားရန်

ကြက်ဥပြုတ်  –  ၄ လုံး (Optional)

သခွားသီး  –  တစ်ခြမ်း (အမျှင်)

ပင်ဆင်ပြုလုပ်ပုံ

၁။  ဦးစွာ ကြက်သား သို့မဟုတ် နှစ်သက်ရာအသားကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းဖြင့် နယ်ထားပါ။

၂။  ကျန်သီးနှံများအားလုံးကို ရေဆေးသန့်စင်ပြီး အရွယ်တူအတုံးလေးများ စိတ်ထားပါ။ ခေါက်ဆွဲခြောက်ကို ပြုတ်ထားပါ။ ကြက်ဥပြုတ်ထားပါ။ သခွားသီးကို အမျှင်လေးများ စိတ်ထားပါ။

၃။  အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲ ဆီထည့်၍ အာလူးကို အရောင်ရရုံ ကြော်ပြီး ဆယ်ယူကာ ဆီစစ်ထားပါ။ အိုးထဲ ဆီအနည်းငယ်ချန်ပြီး ပဲနှစ်ကို ဆီသတ်ပါ။ အနံ့ မွှေးလာပါက ဖယ်ထုတ်ထားပါ။

၎။  အိုးထဲ ဆီအနည်းငယ်ထပ်ထည့်ပြီး အရသာနှပ်ထားသောအသားကို ထည့်ကြော်ပါ။

၅။  အသားအရောင်ပြောင်းသည်နှင့် သီးနှံများအားလုံးကို ထည့်ပြီး ကြော်ပါ။

၆။  သီးနှံများကြော်မိပါက ဆီသတ်ထားသော ပဲအနှစ်ထည့်ပြီး အားလုံး သမအောင် မွှေပေးပါ။

၇။  ကြက်ပြုတ်ရည်ထည့်ပြီး အရသာအပေါ့အငန်မြည်းပါ။ ငရုတ်ကောင်း၊ ဆန်ဗီနီကာနှင့် ချင်းမှုန့်ထည့်ပြီး သမအောင်မွှေပေးပါ။

၈။  ဆူပွက်ပါက ပြောင်းဖူးမှုန့်ကို ရေ ၂ ဇွန်းဖြင့် ဖျော်ပြီး လောင်းထည့်ကာ ခပ်မြန်မြန် မွှေပေးပါ။

၉။  ပြန်လည်ဆူပွက်ပါက ခေါက်ဆွဲနှင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။

၁၀။  အသင့်ပြုတ်ပြီးသား ခေါက်ဆွဲကို ပန်းကန်မှာထည့်ပြီး ချက်ထားသော ပဲအနှစ်ဟင်းကို အပေါ်မှဆမ်းပေးပြီး ကြက်ဥပြုတ်၊ သခွားသီးထည့်ကာ ကင်မ်ချီဖြင့် တွဲဖက် တည်ခင်းနိုင်ပါပြီ။

**  ခေါက်ဆွဲအစို (သို့) စပါကတီခေါက်ဆွဲ၊ ထမင်းဖြူတို့နှင့်လည်း သုံးဆောင်နိုင်ပါတယ်။

Facebook Comments