ပဲလမုန့် (红饼)

 by Sofia for Food Magazine

          ပဲလမုန့်ပုံစံအမျိုးမျိုးရှိတဲ့အထဲက ပန်းသေးရိုးရာလမုန့်ပြုလုပ်နည်းလေး ဖြစ်ပါတယ်။ ဆိုဖီယာတို့ငယ်စဉ်ကတည်းက အိမ်မှာတော့ အဘွားက နှစ်တိုင်းလုပ်တယ်။ အထိမ်းအမှတ်ပွဲ၊ မိတ်ဆုံပွဲတွေမှာလည်း တည်ခင်းလေ့ရှိတဲ့ ဓားလှီးလမုန့်လို့လည်း ခေါ်တဲ့ (红饼) လုပ်နည်းလေးကို  တည်ခင်းရလွယ်ကူစေမယ့် အရွယ်လေးတွေကို ပြုလုပ်ထားပြီး Oven မလိုဘဲ ဒယ်အိုးဖြင့်သာ ပြုလုပ်နိုင်မယ့် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း (၁၂ ခုစာ)

ဂျုံ (All Purpose Flour)  –  ၃၅၀ ဂရမ်

သကြားရည် /ကြံသကာရည်  –  ၁၂၅ ဂရမ်

ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  ၁၀ဝ မီလီလီတာ

Lyewater  –  စားပွဲဇွန်း ၂ ဇွန်း  (၂၀ မီလီလီတာ)

ကြက်ဥ  –  ၁ လုံး

ပဲယို  –  ၃၅၀ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ ဇလုံတစ်လုံးထဲ ဂျုံ၊ ကြက်ဥ၊ ဆော်ဒါ၊ သကြားရည်၊ ဆီနှင့် Lyewater တို့ကို ထည့်ပြီး နယ်ပါ။

၂။       နယ်ပြီးသားဂျုံကို ၁၂ ပုံ အညီအမျှခွဲပြီး လုံးထားပါ။

၃။       ပဲယိုကိုလည်း ၁၂ လုံး လုံးထားပါ။

၎။       ဂျုံလုံးလေးများကို တလိမ့်တုံးဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ ဖြန့်ပေးပါ။

၅။       ဖြန့်ထားသော ဂျုံပေါ်မှာ ပဲယိုတင်ပြီး သေချာစွာ လုံအောင်ပိတ်၍  အနည်းငယ်  ဖိပြားပေးပါ။

၆။       အားလုံးပြီးသွားပါက ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်လူးထားပါ။

၇။       အိုးပူလာပါက မီးကို အသေးဆုံးအထိ လျှော့ချပြီး လမုန့်လေးများကို သေချာစီထည့်ကာ အဖုံးအုပ်ပြီး

၁၀ မိနစ် ကင်ပေးပါ။

၈။       ၁၀ မိနစ်ပြည့်ပါက တစ်ဖက်လှန်ပြီး နောက်ထပ် ၁၀ မိနစ် အဖုံးအုပ်၍ ကင်ပေးပြီး ထုတ်ယူတည်ခင်းနိုင်ပါပြီ။

၉။       ပဲလမုန့်ကို ပြုလုပ်ပြီး ရက်အနည်းငယ်ထား၍ သုံးဆောင်ပါက ပိုမိုကောင်းမွန်သော မုန့်ကို ရရှိမှာဖြစ်ပါတယ်။

*        Lyewater ကို စူပါမားကက်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ပဲယိုပြုလုပ်နည်း

ပဲလွန်း  –  ၂၅ ကျပ်သား

ထန်းလျက်  –  ၂၅ ကျပ်သား

ဆီ  –  ၁၅ ကျပ်သား

ဆား  –  အနည်းငယ်

ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပဲလွန်းကို တစ်ညရေစိမ်၍ ဆော်ဒါကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး ပြုတ်ပါ။

၂။       ပဲနူးပါက ရေစစ်ထားပြီး ကြိတ်စက်ဖြင့် ကြေအောင်ကြိတ်ပါ။

၃။       ထန်းလျက်ကို ရေအနည်းငယ်ဖြင့် ကျိုပြီး အမှိုက်များကို စစ်ထုတ်ပါ။ ပြီးလျှင် ညောင်စေးကျအောင် ပြန်ကျိုထားပါ။

၎။       ပဲယိုထိုးမည့် ဒယ်အိုးထဲ ဆီထည့်ပြီး ထန်းလျက်ထည့် ကြော်ပါ။

၅။       မွှေးပြီး ထန်းလျက်ပွလာပါက ပဲကြိတ်ထားသည်ကို ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး ရေခန်း၍ ဆီပြန်လာသည် အထိ မွှေပေးပါ။ ပဲမှာ ရေကျန်လျှင်၊ ထန်းလျက်မှာ ရေကျန်လျှင် ကျိုနေစဉ် အပူများစဉ်တတ်ပါတယ်။

၆။       အထားခံရန် ဆီပြန်ပြီး လုံးလာသည်အထိ ကျိုပေးပါ။ ပြီးလျှင် အအေးခံထားပြီး လိုသလို အသုံးပြုနိုင်ပါပြီ။

Facebook Comments