ပေါက်ဖို့မျှော်တွေး ချက်စို့လေး

by နန်းစန်းစန်းအေး အဓိပတိ (ဖြူး) for Food Magazine

စက်တင်ဘာလမှာတော့ ဆရာမနန်းစန်းစန်းအေးက “လယ်ငါးခူကြော်နှပ်၊ ဘဲဥကုလားပဲအာလူးအချဉ်ဟင်း” အပါအဝင် ဟင်းလျာအတွဲ အစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။        မြစ်ငါးတန်ရေချိုချက်၊ ဝက်ဆီဖတ်ကြက်ဟင်းခါးသီး ကြော်၊ ကန်စွန်းရွက်သုပ်၊ ဂွေးသီးထောင်း။

၂။         ဝက်အချင်းတိုင်ဆီပြန်၊ ဂေါ်ရခါးသီးဂျူးမြစ် အချဉ်ဟင်း၊ အညွန့်စုံကြော်၊ ရေကျိုငါးပိဖျော်။

၃။        ဆိတ်အာလူး၊ ဒန့်သလွန်ရွက်ဟင်းချို၊ ငါးပိခရမ်းချဉ်သီးချက်၊ အတို့စုံ။

၄။        ဗမာကြက်ကြော်သုပ်၊ ဖရုံသီးဟင်းရည်၊ မန်ကျည်းသီးချက်၊ ပါပလာကြော်။

၅။        လယ်ငါးခူကြော်နှပ်၊ ဘဲဥကုလားပဲအာလူးအချဉ်ဟင်း၊ ငရုတ်သီးသုပ်၊ အရွက်ကြော်။

၆။        အမဲနှပ်၊ မျှစ်ချဉ်ပေါင်ဟင်းရည်၊ အာလူးပဲကြာဆံသုပ်၊ ငရုတ်သီးစိမ်းငါးပိထောင်း။

၇။        ပုစွန်အသားငါးသုပ်ချက်၊ ဂေါ်ရခါးညွန့်ကြော်၊ ဆင်ခရမ်းချဉ်သီးထောင်း၊ သခွားသီးသုပ်။

ပေါက်ဖို့မျှော်တွေး ချက်စို့လေး

“ဟယ်… ဘုရားပန်းအိုးမှာ သပြေပန်းတွေ ဝေဆာ နေပါလား။ နှင်းဆီပန်းတွေရောပဲ”

“ဟုတ်တယ်… တို့လှူထားတာ…”

“ဆန်းလှပါလား… အရင်က ဘုရားပန်းဝေးလို့ ကိုယ့် ကိုယ်ကိုယ်တောင် ဘာမှ အပိုမဆင်ယင်ဘူးဆိုတဲ့ မိန်းမ… ဘယ်လိုတွေဖြစ်…”

“ထီဖွင့်ရက်နီးပြီဆိုတော့ သူများတွေ လုပ်သလို လုပ်ကြည့်တာ။ ထီလေးဘာလေး ပေါက်မလားလို့…”

“ဘယ်နှစောင်တွေ ထိုးထားလဲ”

“ငါးစောင်၊ ခြောက်စောင်ဖိုး…သိန်းတစ်သောင်းခွဲ မပေါက်ချင်ပါဘူး။ တစ်ထောင်လောက်ဆိုရင် ကျေနပ်ပါ တယ်”

“လောဘနည်းတာပဲ။ ပေါက်မယ့်ပေါက် ငါးထောင် လောက် အနည်းဆုံး စဉ်းစားမှပေါ့”

“အေးလေဟယ်… လခ ၁၀ သိန်းနဲ့ လူငါးယောက် အိမ်ထောင်ကို အလျဉ်မမီဘူး ဖြစ်ဖြစ်နေလို့”

“ရသမျှအိမ်ကိုပဲ ပို့နေရတဲ့ သူငယ်ချင်းကို များများ ပေါက်ပါစေလို့ ဆုတောင်းကူမယ်”

“ကျေးဇူး သူငယ်ချင်း… သနားညှာတာတတ်တဲ့ စိတ်ထားတွေရှိတဲ့ မင်းနဲ့အတူ နေရတာ ကိုယ်ကံကောင်း တယ်လို့ အမြဲမှတ်ထားတယ်”

“ဘာမှမဖြစ်လောက်တာတွေ ပြောမနေနဲ့။ ငွေအရေး တကြီးလိုရင် ကိုယ့်ဆီက ခဏ ယူသုံး။ ထီပေါက်မှ ဆပ်မယ် လို့တော့ မပြောနဲ့။ လကုန်ရင် ပြန်ယူမယ်…”

“အိုကေ… ဒါလောက်ဆို အတော်အဆင်ပြေပါပြီ။ အခုခေတ်က ဘယ်သူမှ ချေးချင်၊ ငှားချင်ကြတာမဟုတ် ဘူး”

“ချေးပြီးရင် ပြန်ပေးဖို့ စိတ်ကူးမရှိကြတာလည်း ပါတာပေါ့။ ကဲ… ဒါတွေ ထားပြီး စားဖို့ ချက်ကြရအောင်…”

ငါးခူပေါက်လေးတွေ တွေ့လို့ ၂၀ ကျပ်သား ဝယ် လာတယ်။ ငါးခူကြော်နှပ်၊ ဘဲဥ ၂ လုံးလည်းရှိသေးတော့ ဘဲဥကုလားပဲ အာလူးအချဉ်ဟင်း၊ ငရုတ်သီးကြော်သုပ်၊ အရွက်တစ်ခုခုကြော်မယ်။

ငါးခူပေါက်လေးတွေ ခေါင်းဖြတ်ပြီး ဆား၊ နနွင်း ခပ်များများနဲ့ နယ်မယ်။ ရှောက်သီး တစ်စိတ်ပါ ညှစ် ထည့်ပြီး အရိအရွဲတွေ ပြောင်အောင် ဆေးကြောမယ်။ ဘယ်ညာ ဓားရာပေးပြီး အနေတော်လေး တုံးမယ်။ ငါးတုံး တွေကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ အရသာမှုန့် ဇွန်းရဲ့ သုံးပုံ တစ်ပုံ၊ နနွင်းမှုန့် လက်တဖျစ်လောက် ထပ် ထည့်နယ်မယ်။

ကြော်မယ်ဆို မကပ်တဲ့ဒယ်၊ ဒါမှမဟုတ် ဆီဝတဲ့ ဒယ်ထဲ ဆီ ၁၅ ကျပ်သားထည့်ပြီး ကြော်မယ်။ အထက် အောက်အသာလှန်ပေးပြီး ငါးအသားတွေ ရွှေဝါရောင် တောက်လာရင် အိုးထဲက ဆယ်ယူပြီး ဆီစစ်ထားမယ်။ ကျန်ဆီတစ်ဝက်ထဲ ကြက်သွန်ဖြူ ၂ ဥ၊ ကြက်သွန်နီ ၁ ဥ ပါးပါးလှီးထားတာ ထည့်ကြော်မယ်။ ကြက်သွန်ဖတ်တွေ အနံ့မွှေးလာရင် ငရုတ်သီးအကြမ်းဖတ် စားပွဲဇွန်း ၁ ဇွန်း၊ ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ် ထပ်ဖြည့်ထည့်မယ်။ မီးအရှိန်လျှော့ပြီး ကြော်ထားတဲ့ငါးခူတွေ ထည့်မွှေပေး

မယ်။ အနံ့အတွက် ပင်စိမ်း ၃၊ ၄ ရွက် ထပ်ထည့်၍ ဆား အရသာမြည်းပြီး အိုးချလို့ ရပါပြီ။

ဘဲဥအချဉ်ဟင်းအတွက် ဘဲဥ ၂ လုံး အနေတော် ပြုတ်ပြီး ခွာထားမယ်။ ကုလားပဲ ၅ ကျပ်သား နူးအောင် ပြုတ်မယ်။ အာလူးပြုတ် ၂ လုံး အခွံနွှာပြီး ၄ ပိုင်း ပိုင်းထား မယ်။

ချက်မယ်ဆို ကြက်သွန်ဖြူ/နီ ၁ ဥစီနဲ့ ငရုတ်ပွ ၃ တောင့် ရေစိမ်ထောင်းထားတဲ့ အဆာကို ဆီ ၂ ကျပ်ခွဲသားနဲ့ ထည့်ကြော်မယ်။ ကြက်သွန်စိမ်းနံ့ပျောက်ရင် ခရမ်းချဉ် သီး ၂ လုံးနဲ့ မန်ကျည်းမှည့်အနှစ် စတီးဇွန်းကြီး ၁ ဇွန်း ထည့်မယ်။ ဘဲဥ ၂ လုံး ထက်ခြမ်းခွဲ၊ ကုလားပဲ၊ အာလူး အားလုံး ပေါင်းထည့်မယ်။ ရေလီတာဝက်ဖြည့်ပေးပြီး

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာမှုန့်ဇွန်းတစ်ဝက် ထည့်ပါဦးမယ်။ ပွက်ပွက်ဆူလာရင် မဆလာ အနည်းငယ် ခတ်ပါမယ်။ ပြီးလျှင် အနံ့မွှေးတဲ့ ဘဲဥအချဉ်ဟင်းရပါပြီ။

ငရုတ်သီးသုပ်အတွက် ကြော်ပြီး ထောင်းထားတဲ့ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ မြေပဲထောင်း၊ ဆား၊ ဆီ၊ ကြက်သွန်ဖြူ အားလုံးပေါင်းနယ်ရင် ငရုတ်သီးသုပ်ဖြစ် ပါပြီ။

အရွက်ကြော်အတွက် အဆင်သင့်ရှိတတ်တဲ့ အပွင့်၊ အရွက်တွေ ရေစင်စင်ဆေး၍ အနေတော်ပိုင်းဖြတ်ပြီး ကြက်သွန်ဖြူ ၄၊ ၅ မြွှာ ဓားပြားရိုက်နဲ့အတူ ဆီပါလေကာ လေးနဲ့ ရောကြော်ရင် ဖြစ်ပါပြီ။ ဆား၊ အရသာ မပါမဖြစ် လေးနဲ့ ကြော်ပါ။

မျှော်လင့်ချက်လေးတွေကိုယ်စီနဲ့ ဘယ်သူမဆို အလွယ်တကူ ချက်လို့ရတဲ့ ဟင်းအတွဲအစပ်ပါ။

နန်းစန်းစန်းအေး

၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။

လယ်ငါးခူကြော်နှပ်

ပါဝင်ပစ္စည်းများ

ငါးခူ  –  ၂၀ ကျပ်သား

ဆီ  –  ၁၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၂ ဥ

ကြက်သွန်နီ –  ၁ ဥ

ငရုတ်သီးအကြမ်းဖတ် –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက်မှုန့် –  လက်တစ်ဆုပ်

ပင်စိမ်း –  ၃၊ ၄ ရွက်

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

ဘဲဥကုလားပဲ  အာလူးအချဉ်ဟင်း

ပါဝင်ပစ္စည်းများ

ဘဲဥ –  ၂ လုံး

ကုလားပဲ –  ၅ ကျပ်သား

အာလူးပြုတ် –  ၂ လုံး

ဆီ –  ၂  ၁/၂ ကျပ်သား

ကြက်သွန်နီ –  ၁ ဥ

ကြက်သွန်ဖြူ –  ၁ ဥ

ငရုတ်ပွ –  ၃ တောင့်

ခရမ်းချဉ်သီး –  ၂ လုံး

မန်ကျည်းမှည့်အနှစ် –  စတီးဇွန်းကြီး ၁ ဇွန်း

ရေ –  လီတာဝက်

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မဆလာ   –  အနည်းငယ်

Facebook Comments