ပူရီ

ပူရီ

            မမီးတို့မိသားစုက အိန္ဒိယစာကြိုက်တော့ ပူရီကို ငယ်ငယ်တုန်းက ခဏခဏ လုပ်စားဖြစ်ပါတယ်။ မမီးတို့အဖေက ဂျုံနယ်ပေးတယ်။ မမီးတို့ညီအစ်မတွေက ပုလင်း တစ်ယောက်တစ်လုံးဆီနဲ့ ဂျုံပြားလေးတွေရအောင်လှိမ့်တယ်။ ပူရီလေး တွေ ဖောင်းတဲ့အခါဖောင်းတယ်၊ ပြားတဲ့ အခါပြားတယ်။ ဖောင်းဖောင်းပြားပြား အားပါးတရ နှစ်ခြိုက်စွာစားခဲ့ကြတယ်။ ပူရီကို ဂျုံမှုန့်အမျိုးမျိုးနဲ့ စမ်းကြည့်တယ်။ ဖောင်းမဖောင်းက ဂျုံအမျိုးစားပေါ်မူတည် လားသိချင်လို့။ ဂျုံအမျိုးအစားနဲ့ မပတ် သက်ပါဘူး။ ပူရီကျွမ်းတဲ့ သူငယ်ချင်းတွေက အကြံပေးတယ်။ Atta Flour နဲ့ လုပ်ရင် ပိုကောင်းပါတယ်တဲ့။ Atta Flour ဆိုတာ India ကထွက်တဲ့ ဂျုံတစ်မျိုးကို ကြိတ်ထားတာပါ။ နံပြား၊ ပလာတာ၊ ပူရီ၊ ချာပါတီတို့လုပ်ရာမှာ သုံးပါတယ်တဲ့။ မြောက်အမေရိက ကထွက်တဲ့ ဂျုံတွေနဲ့နိုင်းယှဉ်ရင် သူက Gluten ပါဝင်မှုနည်းလို့ နူးညံ့တယ်လို့ပြောရင် ရလေမလား။

►   ပါဝင်သောပစ္စည်းများ (၈ ခု)

♦   ဂျုံမှုန့်   –   ၁၃ဝ ဂရမ်

♦   ရေ   –   ၇ဝ မီလီမီတာ

♦   ဆား   –   အနည်းငယ်

♦   ကြော်ရန်ဆီ   –   ၃ လက်မအနက်

♦   ဂျုံမှုန့်အပို   –   ခွက်တစ်ဝက် (မကပ်အောင်ဖြူးရန်)

►   ပြုလုပ်နည်း

၁။        ဇလုံတစ်ခုထဲမှာ ဂျုံနဲ့ ဆားထည့်ပြီး သမအောင်မွှေ၊ ရေထည့်ပြီး ချောမွေ့လာတဲ့အထိ နယ်ပေးပါ။ ပလတ်စတစ်နဲ့အုပ်ပြီး ၂ နာရီလောက် နှပ်ထားပါ။

၂။        အချိန်စေ့ပြီဆို ဂျုံကို ၈ လက်မအရှည်ရအောင်လှိမ့်၊ ၄ ပိုင်း အညီပိုင်း၊ တစ်ပိုင်းစီကို မကပ်အောင် ဂျုံမှုန့်ဖြူးပြီး အဖုထစ်မရှိတဲ့ မျက်နှာပြင်ပေါ်မှာ တလိမ့်တုံးနဲ့ ပါးပါးပြားပြားရအောင်လှိမ့်ပါ။

၃။        ကွတ်ကီးဖြတ်တဲ့ အဝိုင်းပုံစံခွက်နဲ့ ဖြတ်ပါ။ မရှိလျှင် နို့ဆီခွက်နဲ့ ဖိပြီးဖြတ်ပါ။

၎။        ကြော်မည့်အိုးထဲမှာ ဆီ ၃ လက်မအနက်လောက်ထည့်၊ ဆီပူပြီး အငွေ့ထွက်လာအောင်တည်၊ ဆီပူမပူကို ဂျုံဖြတ်စလေးထည့် ပြီး ကြော်ကြည့်၊ ချက်ချင်းတွန့်လိမ်ပြီး မျက်နှာပြင်ပေါ်တက်လာရင် ဆီပူပါပြီ။ ဂျုံပြားလေးတွေ တစ်ခုချင်းထည့်ကြော်ပါ။ ဆီထဲနစ်နေအောင် ယောက်မဖြင့် အသာဖိထားပေးပါ။ ပူရီဖောင်းလာပါလိမ့်မယ်။ အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန် ပေးပါ။ နောက်အခုတွေကိုလည်း ယခုနည်းအတိုင်း ဆက်ကြော်သွားပါ။

မမီးသတိထားမိတာလေးတွေက . . . ။

#          ပူရီတစ်ခုကြော်နေတုန်း နောက်တစ်ခုကို အဆင်သင့်လှိမ့်ထားပါတယ်။

#          သိပ်ထူ၊ သိပ်ပါးရင်၊ အပေါက်ဖြစ်သွားရင် ပူရီမဖောင်းပါဘူး။

#          ဂျုံအချပ်လေးတွေ ကြိုတင်လုပ်ထားလို့ လေသလပ်ပြီး ခြောက်သွားရင်လည်း ပူရီမဖောင်းပါဘူး။

#          ကိုယ်သုံးတဲ့ ဂျုံအမျိုးအစားအပေါ်မူတည်ပြီး ထည့်ရတဲ့ရေပမာဏ အနည်းငယ် လိုတိုးပိုလျှော့လုပ်ဖို့ လိုပါမယ်။ ရေကို အကုန်မထည့်ဘဲ နည်းနည်းချင်းထည့်နယ်ပါ။ လိုအပ်မှ ထပ်ထည့်ပါ။ ဂျုံသား မပျော့၊ မမာ အနေထားမှာရှိရပါတယ်။

#          ကြော်နေတုန်းမှာ ပူရီဖောင်းပေမယ့် အပေါက်ရှိရင် သို့မဟုတ် အပြင်အကာများကို တင်းသွားတဲ့အထိ မကြော်ရင် ဆီပူထဲကဆယ်ပြီး ခဏအကြာမှာ ပူရီတွေ ပြန်ပြားသွားတတ်ပါတယ်။

♦   Meemeetofu   ♦

Facebook Comments