ပူရီနှင့် အာလူးမဆလာဟင်း (Puri & Masala Potato)

by Myint Oo Thar for Food Magazine

ဒီအာလူးမဆလာဟင်းကို အာလူးတစ်ခြမ်းလက်ရာများအစီအစဉ်မှာ တိုရှည်နဲ့ တွဲပြီးစားဖို့အတွက် ချက်ပြခဲ့ဖူးပါတယ်။ ဒီအာလူးဟင်းက တိုရှည်၊ ပူရီ၊ ထပ်တစ်ရာနဲ့တွဲပြီး စားနိုင်ပါတယ်။ အာလူးတစ်ခြမ်းလက်ရာများအစီအစဉ်မှာ မူရင်းအရသာမပျက်ရအောင် ဟင်းခတ်အမွှေးအကြိုင်များများနဲ့ ချက်ပြခဲ့ပြီး ယခုအခါမှာတော့ ပုံမှန် လက်ဖက်ရည်ဆိုင် တွေမှာ ရောင်းတဲ့ အာလူးဟင်းပုံစံမျိုး ပြန်ချက်ထားပါတယ်။

မလေးရှားမှာ နေစဉ်ကတည်းက ပူရီကို စပြီးလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့  အာလူးပူရီကို လုပ်ဖြစ်တာများပါတယ်။ အာလူးပူရီဆိုတာ ပူရီကို အာလူးနဲ့

တွဲပြီး စားတာကို ပြောတာမဟုတ်ပါဘူး။ ပူရီမုန့်သား စပြီးလုပ်ကတည်းက အာလူးကို ပြုတ်ပြီး ဂျုံနဲ့ရောနယ်ကာ လုပ်ထားတဲ့ ပူရီကို ပြောတာပါ။ အဲဒါကြောင့် ပူရီမှာ ရိုးရိုးပူရီနဲ့ အာလူးပူရီဆိုပြီး (၂) မျိုးရှိပါတယ်။ ဒီလမှာ ချက်ပြမှာကတော့ ရိုးရိုးပူရီနဲ့ ပူရီနဲ့တွဲပြီး စားမယ့် အာလူးမဆလာဟင်းပါ။

အာလူးမဆလာဟင်းအတွက် ပါဝင်ပစ္စည်းများ

အာလူး –  ၅ဝဝ ဂရမ်

မုန်ညင်းစေ့ –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျဉ်းတော်သိမ် –  ၁ ခက်

ကြက်သွန်နီ –  ၈၅ ဂရမ် (ပါးပါးလှီးထားပါ)

ချင်း –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

နနွင်းမှုန့် –  အနည်းငယ်

ငရုတ်သီးမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မဆလာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့် –  အနည်းငယ် (မထည့်လည်း ရပါတယ်)

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ရေ –  ၂ ခွက်

အာလူးမဆလာဟင်း ပြုလုပ်နည်း

၁။        အာလူးကို အခွံမနွှာဘဲ ပြုတ်ထားပါ။ နူးလျှင် ဆယ်ယူပြီး အခွံနွှာထားပါ။

၂။         ပြီးလျှင် ဇွန်းဖြင့် အာလူးကို ဖိခြေထားပါ။

၃။        ဆီအိုးတည်ပြီး မုန်ညင်းစေ့နှင့် ပျဉ်းတော်သိမ်ကို ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန် နီနှင့် ချင်းကို ထည့်ပြီး ဆီသတ်ပါ။

၄။        ကြက်သွန်နီနွမ်းလျှင် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့် ထည့်ပြီး မွှေပါ။

၅။        ပြီးလျှင် ခြေထားတဲ့အာလူးထည့်ပြီး မွှေပါ။

၆။        ပြီးလျှင် ရေထည့်ပြီး ချက်ပါ။ အရသာအတွက် မဆလာ၊ ဆားနှင့် ကြက်သားမှုန့် ထည့်ပါ။

၇။        ရေကျဲကျဲကြိုက်လျှင် ရေကို ပိုပြီး ထည့်ပါ။

ပူရီအတွက် ပါဝင်ပစ္စည်းများ

ဂျုံမူန့် –  ၃ဝဝ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ရေ –  စားပွဲဇွန်း ၆ ဇွန်း

ကြော်ရန် ဆီ

ပူရီ ပြုလုပ်နည်း

၁။        ဂျုံနယ်မယ့် ဇလုံထဲ ဂျုံမှုန့်နှင့် ဆားကို ထည့်ပါ။ ပြီးလျှင် ဆီထည့်ပြီး နယ်ပါ။ နယ်တဲ့ အခါမှာ Breadcrum ပုံစံမျိုးရပါမယ်။ ဆုပ်ပြီး ကြည့်လျှင် ခဲနေတဲ့ပုံစံရပါမယ်။ ဒါပေမဲ့ လက်ဖြင့် ခြေကြည့်လျှင်လည်း အလွယ်တကူ ကြေသွားတဲ့အနေအထား မှာ ရှိနေရပါမယ်။

၂။         ပြီးလျှင် ရေနည်းနည်းချင်းထည့်ပြီး နယ်ပါ။ ဇလုံထဲမှာ လုံးဝဂျုံမှုန့်မရှိတော့တဲ့ အနေအထားရောက်ပြီဆိုလျှင် မုန့်သားက မပျော့မမာတဲ့ အနေအထားဖြစ်နေ ရပါမယ်။

၃။        မုန့်သားအပေါ်မှာ ဆီအနည်းငယ်သုတ်ပါ။ ခြောက်မသွားစေဖို့ ဖြစ်ပါတယ်။ပြီးလျှင် ဖုံးပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားပါ။

၄။        ပြီးလျှင် သန့်ရှင်းတဲ့ စားပွဲပေါ်မှာ မုန့်သားကိုတင်ပြီး နယ်ပါ။ အရှည်လိုက်ရအောင် လှိမ့်ပြီး ၁၀ ပိုင်းဖြတ်ထားပါ။

၅။        တစ်ပိုင်းစီကို ယူပြီး လုံးပါ။ (ကိုရီးယားမုန့်လိုလုပ်ပြီး စုထားတဲ့အပိုင်းကို အောက် ခြေမှာထားပြီး ချထားပါ။) ပြီးလျှင် လက်ဖြင့် ဖိပြီး ပြားထားပါ။ ကျန်တဲ့မုန့်သား အားလုံးကို ထပ်မံပြီး လုပ်ထားပါ။

၆။        ပြီးလျှင် မုန့်သားအပြားတစ်ပြားစီကို တလိမ့်တုံးဖြင့် အဝိုင်းပုံရအောင် လှိမ့်ပါ။ မထူမပါးလှိမ့်ရမှာဖြစ်သလို မုန့်သားတစ်ခုလုံး အထူအပါးညီနေရပါမယ်။ အဲဒါမှ ကြော်တဲ့အခါ မုန့်သားဖောင်းဖောင်းလေးရမှာ ဖြစ်ပါတယ်။ ပြီးလျှင် မုန့်သားရဲ့ အနားများကို ပါးနေအောင် မလှိမ့်ရပါ။

၇။        ပြီးလျှင် ဆီပူမှာ ထည့်ပြီးကြော်ပါ။ ကြော်တဲ့အခါ ဂေါ်နဲ့ဖွဖွလေး နေရာအနှံ့ဖိပေး ပြီး ကြော်မှ ပူရီက ဖောင်းလာမှာပါ။ မီးမပြင်းရပါ။ ပြီးလျှင် နောက်တစ်ဖက်လှန်ပြီး ကြော်ပါ။ ပထမဘက်မှာကဲ့သို့ ဂေါ်နဲ့ ဖွဖွလေး ဖိပြီး ကြော်ပါ။

၈။        ပြီးလျှင် ပူရီကိုဆယ်ယူပြီး ဆီစစ်ထားပါ။ ပူရီကို အာလူးမဆလာဟင်း၊ ခရမ်းချဉ် သီး မဆလာဟင်းတို့နဲ့ တွဲပြီး သုံးဆောင်ပါ။

Facebook Comments