ပူပင်ကင်းဝေး ချက်စို့လေး

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

          မေလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ပိန္နဲသီး ဝက်သုံးထပ်သားဟင်း” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇) မျိုးကို  စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –

၁။       ဝက်ကလီစာ ပဲပြားချက်၊ မုန်ညင်းချဉ်ဟင်းရည်၊ ငါးပိကြော်၊ အာလူးသုပ်။

၂။       ပိန္နဲသီး ဝက်သုံးထပ်သားဟင်း၊ ကင်ပွန်းချဉ် ငါးမြွေထိုးဟင်းရည်၊ ပဲတီချဉ်သုပ်၊ ငရုတ်သီးမြေပဲ ငါးပိကြော်။

၃။       ငါးဖယ်ငရုတ်သီး အဆာသွတ်ဆီပြန်၊ ဂေါ်ရခါးညွန့်ကြော်၊ ဆင်ခရမ်းချဉ်သီးထောင်း၊ ပဲဝါလေးဟင်း ရည်။

၎။       ဆိတ်သားထောင်းအစပ်ကြော်၊ ပန်းမုန်လာအချဉ်ချက်၊ ငါးခေါင်းငါးပိချက်၊ ဆေးမြင်းခွာရွက်သုပ်။

၅။       ကင်းမွန်ချဉ်စပ်၊ အရွက်စုံဟင်းရည်၊ ပဲကြီးနှပ်၊ ငရုတ်သီးအညာထောင်း။

၆။       ဘဲသာြးွကက်နားရွက်မှိုပေါင်း၊ ချဉ်ပေါင်ခါးဟင်းရည်၊ ရွှေဖရုံသီးကြော်၊ မန်ကျည်းသီး ငါးပိချက်။

၇။       အမဲနှပ်၊ သီးစုံပဲကုလားဟင်း၊ မရန်းသီးသုပ်၊ ငရုတ်သီးအခြောက်ကြော်။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ပိန္နဲသီး ဝက်သုံးထပ်သားဟင်း၊ ကင်ပွန်းချဉ် ငါးမြွေထိုးဟင်းရည်၊ ပဲတီချဉ်သုပ်၊ ငရုတ်သီးမြေပဲ ငါးပိကြော်တို့ကို တင်ပြပေးလိုက်ပါတယ်။

ပူပင်ကင်းဝေး ချက်စို့လေး

          “မမ… ဒီနေ့ ညီမလေး နည်းနည်းနောက်ကျမယ် နော်…”

          “ဘာကိစ္စတွေရှိလို့လဲ”

          “ဒီနေ့ ညောင်ရေသွန်းပွဲကို တစ်ရုံးလုံးသွားကြရမှာ။ လူစုံတုန်းလေး ဘုရားစုံဖူးပြီး ဈေးလေးဘာလေး ဝယ်မယ်လေ”

          “မမကို ပြောမယ့်အစား မျှော်တတ်တဲ့ အမေ့ကို ပြောသွားပါလားကွယ်…”

          “အမေက ဘုရားရှိခိုးနေတုန်းမို့ မမကိုပြောတာ”

          “အေး… ပြန်ချိန်တန်လို့ ပြန်မလာရင်တော့ အမေက မျှော်နေမှာဆိုတာ စိတ်ထဲ ထည့်သွား”

          “ဒီအသက်၊ ဒီအရွယ်ကြီး ရောက်နေပြီဟာကို ၁၀ တန်းကျောင်းသူလေးလို့ ထင်နေတာတော့ စိတ်ညစ်တယ်။ ပြီးရင် ရုံးကို ဖုန်းဆက်ပြီး “ထမင်းစားပြီးပြီလား၊ စားတော့လေ” လို့ ပြောပြောနေတာကိုလည်း လျှော့စေချင်တယ်”

          “အစာအိမ်ရောဂါရှိတဲ့ သမီးထွေးလေးမို့ စိတ်ပူပြီး ပြောတာနေမှာပါ။ တကယ်တမ်း စိတ်ထဲရှိတဲ့အတိုင်း ပြောရရင် အမေ့အချစ်မေတ္တာတွေဟာ နင်နဲ့မတန်လှဘူး”

          “အဲဒီလိုတော့ ရက်ရက်စက်စက်မပြောပါနဲ့။ အလုပ်မှာက ဖိအားများတယ်လေ။ စာရင်းဇယားတွေ မကိုက်မပြုတဲ့အခါဆိုရင် ဖုန်းလာလည်း မကိုင်အားဘူးလေ”

          “အမေမို့လို့ ဆက်တာပါ။ အဖေလည်း မဆက်ဘူး။ မမကတော့ နင့်ဖုန်းနံပါတ် စာရင်းထဲတောင် ရှိမနေဘူး”

          “အမေစိတ်ပူတာနည်းနည်း… မမက ပိုစိတ်တိုနေတာ မဟုတ်လား…”

          “ဘေးက ကြည့်တဲ့လူက ပိုမြင်တယ်လေ”

          “ကဲပါ… မမရယ်…ညီမလေးတောင်းပန်ပါတယ်။ အချစ်တွေ၊ မေတ္တာတွေနဲ့ စိတ်ပူပေးတဲ့ အိမ်သားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီမနက် ဟင်းတွေကို ညီမလေး ကူပြီး ချက်ပေးမယ်”

          ဒါဆို ပိန္နဲသီး ဝက်သုံးထပ်သားဟင်း၊ ကင်ပွန်းချဉ်၊ ငါးမြွေထိုးဟင်းရည်၊ ငရုတ်သီးမြေပဲငါးပိကြော်၊ ပဲတီ ချဉ်သုပ်ချက်မယ်။

          သန့်စင်ပြီးသား ပိန္နဲသီး ၁၅ ကျပ်သား၊ ဝက် သုံးထပ်သား ၁၀ ကျပ်သား၊ ကြက်သွန်ဖြူ/နီ ၁ လုံးစီ၊ ခရမ်းချဉ်သီး ၁ လုံး၊ စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား၊ အရသာ အနည်းငယ်စီနဲ့ ချက်မယ်။ ချက်မယ့်အိုးထဲ ဆီ ၂  ၁/၂ ကျပ်သားထည့်၊ ကြက်သွန်ဖြူ/နီနဲ့ ငရုတ်ပွ ၂ တောင့် ပေါင်းပြီး ထောင်းထားတာနဲ့ ဆီသတ်မယ်။ ကြက်သွန်အနံ့ မွှေးလာရင် ပါးပါးလှီးထားတဲ့ ဝက်သား ထည့်လိုက်မယ်။ ဝက်သားထဲပါတဲ့အရည်ခန်းရင် ကိုင်းခရမ်းချဉ်သီး ၁ လုံးနဲ့ အတူ ရေ ၁၀ ကျပ်သား (၁ ခွက်) ဖြည့်ထည့်ပြီး အဖုံးအုပ်ပြီး တည်မယ်။ ဝက်သားအတန် အသင့်နူးရင် ပိန္နဲသီးတွေ ထည့်မယ်။ အထက်အောက် သာသာလေး လှန်ပေးမယ်။ အရသာနဲ့ ဆား အတော်ဖြစ်အောင် ဖြည့်ထည့်မယ်။ ပိန္နဲသီးထဲ ပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် အိုးချလို့ရပါပြီ။ ကြိုက်နှစ်သက်ရာ ဆူးပုပ်ရွက်၊ နံနံပင်၊ အောင်မဲညိုအညွန့် ထပ်ဖြည့်ထည့်ပေးလို့ ရပါတယ်။

          ငါးမြွေထိုး ၅-၆ ကောင်ကို ရေစင်စင်ဆေး၍ ဘယ် ညာ ဓားရာပေးပြီး ဆား၊ နနွင်းမှုန့် နယ်၍ အနံ့မွှေးအောင် မီးသင်းလိုက်မယ်။ ရလာတဲ့ ငါး၊ ကြက်သွန်ဖြူ ၃ မြွှာ၊ ရေကျိုငါးပိ ၅ ကျပ်သား ၁ ခွက်၊ ကင်ပွန်းချဉ်ရွက် ၂ စည်း၊ ဆား၊ အရသာ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန် အားလုံးကို နယ်ပြီး လုံးချက် ချက်ပါမယ်။ ဆီနံ့မွှေးအောင် ဆီကို ၂  ၁/၂ကျပ်သား ထပ်ဖြည့်ထည့်မယ်။ ကြက်သွန်နံ့ပျောက်ပြီး အနံ့မွှေးလာရင် ရေလီတာဝက် ထပ်ဖြည့်မယ်။ ပွက်ပွက်ဆူလာအောင် တည့်ပြီးရင်တော့ ကင်ပွန်းချဉ်ငါးမြွေထိုး ဟင်းရည်ရပါပြီ။ ပုတတ်စာ၊ ခရမ်းကစော့သီးတွေ ထပ်ဖြည့်ပေးရင် ပြည့်စုံတဲ့ ဟင်းရည်တစ်ခွက်ရပါပြီ။

          ငရုတ်သီးမြေပဲငါးပိကြော်အတွက် ကြက်သွန်ဖြူ/နီ လေးတွေ ကြွပ်အောင်ကြော်၊ ငါးပိနည်းနည်း မွှေးအောင်ထည့်ကြော်ပါ။ မြေပဲလှော်မှုန့်၊ ငရုတ်သီးမှုန့်၊ အရသာ အားလုံး ပေါင်းထည့်ကြော်လိုက်ရင် အငန်ဟင်းရန်အတွက် ရပါပြီ။

          ပဲတီချဉ်သုပ်အတွက် ပဲတီချဉ်လက်တစ်ဆုပ်၊ မုန်လာဥနီ တစ်ပိုင်း အမျှင်ခြစ်ထားတာလေးတွေနဲ့ အချဉ်တည်ပါ။ ဆီချက်၊ မြေပဲ၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီး စတဲ့ ကိုယ်ကြိုက်ရာ အရသာလေးတွေ ထည့်ပြီး ဖွဖွနယ်လိုက်ရင် ပဲတီချဉ်သုပ်ရလာပြီ။

          ပဲပင်ပေါက်ကို အချဉ်တည်ဖို့အတွက် ထမင်းရည် လီတာဝက်ကို အအေးခံ၍ ဆား မန်ကျည်းစေ့ ၂ စေ့စာခန့် ခတ်ပြီး အခန်းအပူချိန်မှာ ၂၄ နာရီထားရင် ချဉ်ပါပြီ။ ပဲပင်ပေါက်၊ မုန်လာဥကြိုက်နှစ်သက်ရာ အရွက်နဲ့ တည် ချဉ်လို့ရပြီး သဘာဝအတိုင်း ချဉ်တဲ့အချဉ်မို့ အန္တရာယ် ကင်းပါတယ်။

          အပူအပင်ကင်းကင်းနဲ့ လွတ်လပ်ချမ်းသာ ချက် ကြည့်ကြဖို့ ဒီတစ်လအတွက် ဟင်းအတွဲအစပ်တချို့ပါ။

နန်းစန်းစန်းအေး

၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။

ပိန္နဲသီး ဝက်သုံးထပ်သားဟင်း

ပိန္နဲသီး  –  ၁၅ ကျပ်သား

ဝက်သုံးထပ်သား  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ/နီ  –  ၁ လုံးစီ

ခရမ်းချဉ်သီး  –  ၁ လုံး

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ဆီ  –  ၂  ၁/၂ ကျပ်သား

ငရုတ်ပွ  –  ၂ တောင့်

ရေ  –  ၁ ခွက် (၁၀ ကျပ်သား)

အရသာမှုန့်  –  အနည်းငယ်

ကင်ပွန်းချဉ် ငါးမြွေထိုးဟင်းရည်

ငါးမြွေထိုး  –  ၅-၆ ကောင်

ကင်ပွန်းချဉ်ရွက်  –  ၂ စည်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ရေကျိုငါးပိ  –  ၅ ကျပ်သား

ဆီ  –  ၂  ၁/၂ ကျပ်သား

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရေ  –  လီတာဝက်

ပဲတီချဉ်သုပ်

ပဲတီချဉ်  –  လက်တစ်ဆုပ်

မုန်လာဥနီ  –  တစ်ပိုင်း

ဆီချက်  –  အနည်းငယ်

မြေပဲ  –  အနည်းငယ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

Facebook Comments