ပုန်းရည်ကြီးထမင်းသုပ် (၄ ပွဲစာ)

FD-36ပုန်းရည်ကြီးထမင်းသုပ်ဆိုတာ မြန်မာတို့အလွန်နှစ်သက်တဲ့ စားဖွယ်လေးတစ်မျိုးပါ။ အများစုက ကိုယ့်စတိုင်လ်လေးနဲ့ကိုယ် အရသာရှိရှိ သုပ်စားတတ်ကြပါတယ်။ မမီးနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ သုပ်ပုံမတူတာ သတိပြုမိလို့ ပုန်းရည်ကြီးထမင်းသုပ်နည်းလေး ရေးဖြစ်သွားတာပါ။  မမီးက ပုစွန်ခြောက်မှုန့်ကို ကြွပ်လာအောင်ကြော်ပြီးမှ ထည့်သုပ် ပါတယ်။ ဆီနဲ့ ကြော်လိုက်တဲ့အခါ ပုစွန်ခြောက်မှုန့်ကနေ သူ့နကိုချိုတဲ့အရသာအပြင်၊ မွှေးတဲ့ရနံ့လေးထွက်လာလို့ ထမင်းသုပ်ရဲ့အရသာ ပိုကောင်းသွားပါတယ်။ စိတ်ကူးရတဲ့ တစ်နေ့ မမီး နည်းလေးနဲ့ ပုန်းရည်ကြီးထမင်းသုပ် သုပ်စားကြည့်ပါဦး။

ပါဝင်ပစ္စည်းများ (၁)
•    ထမင်း    –     ဆန်ကောင်းကောင်း ၁ခွက်ခွဲ
•    ပုန်းရည်ကြီး အထုပ်သေး    –    ၂ ထုပ်
(မိမိနှစ်သက်ရာတံဆိပ်ကိုသုံးပါ)
•    ငံပြာရည်    –    သင့်ရုံ
•    ဆား     –    သင့်ရုံ
•    ကြက်သားမှုန့်    –    သင့်ရုံ (မထည့်လည်းရပါသည်)
•    ငရုတ်သီးလှော်မှုန့်    –    သင့်ရုံ
•    ပုစွန်ခြောက်မှုန့်ကြော်     –    စားပွဲဇွန်း ၆ ဇွန်း
•    ပုစွန်ခြောက်မှုန့်ကြော်ထားသည့်ဆီ    –    စားပွဲဇွန်း ၂ ဇွန်း

အောက်ဖော်ပြပါ ပါဝင်ပစ္စည်းများကို ပုန်းရည်ကြီး ထမင်းသုပ်နှင့်
တွဲဖက်စားရန် အဆင်သင့်ပြင်ထားပါ။ (၂)
•    နံနံပင် –    ၃ ပင် (မထူမပါး လှီးထားပါ)
•    ကြက်သွန်နီ –    ၁ လုံး (ပါးပါးလှီးထားပါ)
•    ငရုတ်ချို အနီနှင့် အဝါ –    တစ်စိတ်ခန့်စီ (ပါးပါးလှီးထားပါ)(မထည့်လည်းရပါသည်)
•    ကြက်သွန်ဖြူ –    ၆ မြွှာ (အကွင်းလေးတွေ လှီးထားပါ)
•    ကြက်သွန်နီကြော် –    လက်ဖက်ရည်ဇွန်း ၃ ဇွန်း
•    ကြက်ဥပြုတ်ကြော် –    ၄လုံး
•    မြေပဲကြော်  –    ¼Cup
•    ဆီ –    လိုသလောက်

ပြုလုပ်ပုံ
၁။    ဆန်တစ်ခွက်ခွဲကို ချက်ထားပါ။
၂။    ပုစွန်ခြောက်မှုန့် စားပွဲဇွန်း ၆ ဇွန်းကို ဆီအနည်းငယ်ဖြင့် ကြွပ် အောင်ကြော်ထားပါ။ မတူးစေရန် သတိထားပါ။ Microwave သုံး ၍လည်း ကြော်နိုင်ပါတယ်။ မိမိ၏ Microwave ပြင်းအားအပေါ် မူတည်ပြီး ကြော်မည့်အချိန်ကာလ အတိုအရည်ကို ချိန်ဆပါ။
၃။    ကြက်သွန်နီကြော် ကြော်ထားပါ။
၎။    ကြက်ဥပြုတ်ထားပါ။ ကြက်ဥအနှစ်ကို ဘယ်အနေအထားအထိ ကျက်စေချင်သလည်းဆိုတာ အပေါ်မူတည်ပြီး ၄ မိနစ်ကနေ ၇ မိနစ် အထိပြုတ်ပါ။ ရေအေးတွင် စိမ်ပြီးမှ အခွံနွှာပါ။ ဆီပူတွင် ကြက်ဥ အကာ ရွှေအိုရောင်သန်းလာရုံလေးကြော်ပြီး ဆီစစ်ထားပါ။
၅။    ထမင်းနယ်မည့် ဇလုံကြီးကြီးတစ်ခုတွင် နံပါတ် ၁ ပါဝင်ပစ္စည်းများကို ထည့်ပြီးနယ်ပါ။ သုံး ဆောင်မည့်ပန်းကန်တွင် နှစ်သက်ရာ ပုံစံခွက်သုံး၍ ပုံဖော်ပြီးထည့်ပါ။ အသင့်ပြင်ထားသော တွဲဖက်စား သုံးဖွယ်ရာများဖြင့် စားချင်စဖွယ်မွမ်းမံပြီးလျှင် အရသာထူးတဲ့ ပုန်းရည်ကြီးထမင်း သုပ် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

 

Facebook Comments